ဖိလစ်ပိုင်မြို့တော်ဝန် အကျဉ်းထောင်ပစ်ခတ်မှုအတွင်း သေဆုံး

အက်စပင်နိုစာ (၀ဲ)
1.3K
ဖိလစ်ပိုင်ဗဟိုအကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်မြို့တော်ဝန်ဟာ နိုဝင်ဘာ ၅ ရက်နေ့က အခြားအကျဉ်းသားတဦးနဲ့အတူ သေနတ်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောခဲ့ပါတယ်။
ရာဇဝတ်မှုစုံစမ်း ထောက်လှမ်းရေးအဖွဲ့က အကျဉ်းထောင်အတွင်း ဖမ်းဆီးထားတဲ့သူတွေကို လက်နက်နဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေ ရှာဖွေစဉ် ဖိလစ်ပိုင်မြို့တော်ဝန် အက်စ်ပင်နိုစာနဲ့ နောက်အကျဉ်းသားတစ်ဦးက ရှာဖွေတဲ့ ရဲတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အက်စပင်နိုစာနဲ့ သေဆုံးတဲ့ နောက်အကျဉ်းသားတစ်ဦးရဲ့ ထောင်ခန်းထဲမှာ ပစ္စတို ၂ လက်တွေ့ခဲ့တယ်၊ နောက်အက်စပင်နိုစာရဲ့ အခန်းထဲက စက္ကူအိတ်အသေးလေးထဲကနေ မက်သာဖက်တမင်းလို့ယူဆရတဲ့ မူးယစ်ဆေးဝါးတွေလည်း တွေ့ခဲ့ရတယ်လို့ ရဲက ပြောပါတယ်။
ဒေသဆိုင်ရာ ရဲချုပ် အယ်လ်မာက “လုပ်ရိုးလုပ်စဉ်အရတော့ အခင်းဖြစ်ပွားမှု ဝန်းကျင်က အခြေအနေနဲ့ အချက်အလက်တွေကို အမှုတည်ဆောက်ဖို့အတွက် ဒီအခင်းဖြစ်ပွားမှုကို စုံစမ်းထောက်လှမ်းမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
သမ္မတအိမ်တော်ကတော့ အက်စပင်နိုဆာ သေဆုံးတာနဲ့ပတ်သက်ပြီး “စိတ်မကောင်းပါဘူး” ဆိုတာနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးနှိမ်နင်းမှုအတွင်း အယ်လ်ဗြူရာမြို့တော်ဝန် ရော်လန်ဒိုအက်စ်ပင်နိုစာနဲ့ သူရဲ့သား ကာဝင်းတို့လည်း ပြီးခဲ့တဲ့ လပိုင်းတွေက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။