ဗေဒါသင်တန်းကျောင်း မန္တလေးတွင်ဖွင့်
နော်နိုရင်း
·
November 7, 2011
လူမှုရေးနဲ့ နိုင်ငံရေးသိပ္ပံ သင်ကြားပေးမယ့် ဗေဒါသင်တန်းကျောင်းခွဲတခု မန္တလေးမြို့မှာ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်လိုက်ပါတယ်။
သင်တန်းကျောင်းကို မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းအဖွဲ့ဝင် ဦးကိုကြီးနေအိမ်မှာ ဒီကနေ့ ဖွင့်လှစ်သင်ကြားတာပါ။
မြန်မာပြည်က လူငယ်တွေရဲ့ အရည်အသွေးကို မြှင့်တင်တဲ့အနေနဲ့ ဒီသင်တန်းကိုဖွင့်တာ ဖြစ်ပြီး အသက် ၂၀ ကနေ ၂၅ နှစ်အကြား လူငယ်တွေကို အဓိကထား ရွေးချယ်သင်ကြားပေးတာလို့ မန္တလေးတိုင်း အဖွဲ့ချုပ်ဝင် ဦးကိုလေးက ပြောပါတယ်။
“အဓိက သင်တန်းရဲ့သဘောတရားကတော့ လူငယ်လေးတွေရဲ့ ဦးနှောက်ပိုင်း ဆိုင်ရာလေးတွေ ဖွံ့ဖြိုးမှုအပိုင်းလေးတွေကို ကျနော်တို့ အဓိကထားလုပ်ပါတယ်။”
ပထမဆုံး တလခွဲ သင်တန်းမှာ အဖွဲ့ချုပ်လူငယ်တွေ အပါအဝင် တခြားလူငယ်ပေါင်း ၂၅ ဦး တက်ရောက်ပြီး ဒီနေ့ကစပြီး နေ့စဉ် နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီအထိ လူမှုရေးနဲ့ နိုင်ငံရေးသင်တန်း ပို့ချမှာဖြစ်တယ်လို့ ဦးကိုလေးက ပြောပါတယ်။
သင်တန်းဖွင့်ပွဲ အခမ်းအနားကို အဖွဲ့ချုပ်ဗဟိုက ဦးအုန်းကြိုင်၊ မန္တလေးတိုင်း အဖွဲ့ချုပ်ဝင်တွေနဲ့ လူငယ်သင်တန်းသားတွေ အပါအဝင် လူပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ဖွင့်ပွဲအခမ်းအနားကို အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်းတွေ ပေးပို့ခဲ့ပါတယ်။
ဗေဒါသင်တန်းကျောင်းကို အဖွဲ့ချုပ်လူငယ်ကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်တိုင်းမှာ နိုင်ငံရေးနဲ့လူမှုရေးသင်တန်း ပို့ချတာပါ။