ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်
DVB
·
November 3, 2016
ဂျပန်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းက ကျိုတိုတက္ကသိုလ် Yamauchi Hallမှာ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အဲ့ဒီတက္ကသိုလ်တက်နေကြတဲ့ မြန်မာအပါအ၀င် ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲတခုလည်း တဆက်ထဲ လုပ်ခဲ့ပါတယ်။
ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမေးမြန်းမှုများပြုလုပ်ခဲ့ကြပြီး ကျိုတိုတက္ကသိုလ်အပါအ၀င် ကျိုတိုမြို့ရှိ အခြားတက္ကသိုလ်များမှာ ပညာသင်ကြား လျက်ရှိတဲ့ မြန်မာနိုင်ငံမှ ပညာတော်သင် ၀န်ထမ်းများနှင့်လည်း တွေ့ဆုံနှုတ်ဆက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျိုတိုခရီးစဉ်အတွင်း ကျိုတိုမြို့တော် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းက တည်ခင်းတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။