Live
Home
ဆောင်းပါး
အနာဂတ်ကောင်းကို တည်ဆောက်နိုင်ဖို့ သမိုင်းဖြစ်ရပ်မှန်တွေ မှတ်တမ်းတင်ပါ
DVB
·
November 3, 2016
  ရန်ကုန်မြို့ အမျိုးသားစာကြည့်တိုက်မှာ ပြုလုပ်တဲ့ သမိုင်းပညာရှင်တွေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ တွေ့ဆုံပွဲမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားရာမှာ အရင်စစ်အစိုးရလက်ထက်က ပြုစုခဲ့တဲ့ မှတ်တမ်းတွေဟာ ပြီးပြည့်စုံတဲ့ သမိုင်းမှတ်တမ်းတွေ မဟုတ်ဘဲ ဘုန်းတော်ဘွဲ့ မှတ်တမ်းတွေသာ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မှန်ကန်တဲ့ သမိုင်းမှတ်တမ်းကို ရေးသားဖို့လိုတယ်လို့ ထည့်သွင်းပြောကြားသွားတဲ့ သတင်းကို လွတ်လပ်တဲ့အာရှအသံ သတင်းမှာ ဖတ်လိုက်ရပါတယ်။ မှန်ကန်တဲ့ သမိုင်းကြောင်းကို ရေးသား ပြုစုတာဟာ လက်စားချေလိုမှု အာဃာတနဲ့ လုပ်တာ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါသေးတယ်။ ဟုတ်ပါတယ်။ သမိုင်းဆိုတာ အုပ်ချုပ်သူအာဏာပိုင်တွေရဲ့ ကိုယ်ရည်သွေး ရာဇဝင်သာ မဖြစ်သင့်ပါဘူး။ တနိုင်ငံလုံးက တိုင်းရင်းသား မိဘပြည်သူအားလုံးရဲ့ ကိုယ်တိုင်ရေးသမိုင်းသာ ဖြစ်သင့်ပါတယ်။ အတိတ်ကာလတွေတုန်းက ပြည်သူတွေကိုယ်တိုင် ရေးထိုးတဲ့ မှတ်တမ်းတွေ၊ ဖြစ်ရပ်မှန်တွေကသာ သမိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ထိအောင်တော့ မြန်မာနိုင်ငံမှာ  အမှန်တရားတွေကို ဖုံးအုပ်ပြီး အလိမ်အညာတွေနဲ့ တရားမဲ့အုပ်စိုးသူတွေ စိတ်တိုင်းကျ ဖြတ်ညှပ်ကပ် ရေးထားတဲ့ ကိုယ်ရည်သွေးရာဇဝင်တွေ၊ အဂတိလိုက်စားပြီး ဘက်လိုက် ရေးထိုးထားတဲ့ သမိုင်းတု သမိုင်းလိမ်ပဲ ဖြစ်နေတာ ဝမ်းနည်းဖွယ်ရာတွေ့ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးစကနေ မျက်မှောက်ကာလထိ ဗွက်ထအောင် ဖြစ်ပွားခဲ့တဲ့ မတရားမှု၊ ဖိနှိပ်မှု၊ ဗိုလ်ကျမှုတွေ၊ ပြည်သူလူထု အလိုမတူဘဲ တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့တဲ့ စစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက်မှာ ကျောင်းသားလူငယ် ရဟန်းရှင်လူ တိုင်းရင်းသား မိဘပြည်သူတွေက ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရင်း သွေးလမ်းခင်း၊ ဘဝပေါင်းများစွာ ရင်းခဲ့ရတဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်း ကုဋေကုဋာဟာ အခုချိန်ထိ တရားဝင် မှတ်တမ်း မတင်ရသေးပါဘူး။ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ မတရားမှုကို တွန်းလှန်ခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ ကမ္ဘာသိ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာ့တပ်မတော်က ငြိမ်းချမ်းစွာ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုနေတဲ့ ပြည်သူတွေကို လက်နက်နဲ့ သွေးချောင်းစီးသတ်ဖြတ် အကြမ်းဖက်နှိမ်နင်းပြီး အလိုမတူဘဲ အာဏာသိမ်းယူခဲ့တာ ၂၈ နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ အဲဒီတုန်းက တလကျော် ကြာမြင့်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကနေ ပြည်သူတွေ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတာက တပါတီ အာဏာရှင်စနစ် မလိုချင်ဘူး။ ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာနဲ့ ညီတဲ့ လူ့အခွင့်အရေးရရှိဖို့ပါပဲ။ တကယ်တမ်းသာ တိုင်းပြည်ကို စေတနာရှိပြီး ပြည်သူလူထုဆန္ဒကို လေးစားခဲ့ရင် သပိတ်တပ်ပေါင်းစုက လူထုခေါင်းဆောင်တွေနဲ့ လာရောက်ညှိနှိုင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာမယ်၊ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေ ထောင်ချီ သောင်းချီ အသက်ဆုံးပါးခဲ့ရမှာ မဟုတ်သလို အခုလို လူသန်းပေါင်းများစွာရဲ့ ဘဝတွေလည်း အဖျက်အဆီးခံခဲ့ရမှာ မဟုတ်ပါဘူး။ ဦးနေဝင်း၊ ဦးစိန်လွင်တို့လို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းကတည်းက ပြည်သူနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ပြီး လက်ယဉ်နေခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ သွေးစွန်းနေတဲ့ သမိုင်းကြောင်းတွေကို ထပ်မံဖုံးကွယ်ဖို့ မထူးဇာတ်ခင်းတဲ့ နေရာမှာ တပ်မတော်ကို အသုံးချခဲ့ကြတာပါပဲ။ ချောက်ကမ်းပါးထဲကျဖို့ လက်တလုံးအလို ရောက်နေတာမို့ သမိုင်းပေး တာဝန်အရ တပ်မတော်က တိုင်းပြည်ကို ကယ်တင်ဖို့လိုတယ်ဆိုတဲ့ အကြောင်းပြချက်တွေ၊ မြို့တွင်းမှာ ကွန်မြူနစ်တွေရောက်နေပြီ စတဲ့ ခြောက်လုံးတွေနဲ့ တပ်မတော်နဲ့ ပြည်သူတချို့ကို နားယောင်အောင် ဝါဒဖြန့်ခဲ့ကြပါတယ်။ တပ်မတော်ထဲမှာ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့ စစ်ဗိုလ်စစ်သားတွေ အမြောက်အမြား ကျန်နေပေမယ့်လည်း နီးရာဓားကြောက်ရတာက တကြောင်း၊ အမိန့်နာခံမှုနဲ့ လှုပ်ရှားတဲ့ အဖွဲ့အစည်းဖြစ်တာမို့ သမိုင်းဆိုးကို အတူရေးထိုးသလို ဖြစ်ခဲ့တာပါပဲ။ အဲ့ဒီလို အကြမ်းဖက် သွေးထွက်သံယို အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်ကတော့ အများသိကြတဲ့အတိုင်း စစ်ဗိုလ်ချုပ် လူနည်းစုအချို့နဲ့ ကျင့်ဝတ်မရှိတဲ့ ဝိသမစီးပွားရေး အပေါင်းအပါ အသိုင်းအ၀ိုင်းတချို့သာ ကျိကျိတက်ချမ်းသာလို့ ပြည်သူလူထုကတော့ မချိမဆံ့ ဆင်းရဲပြီး တိုင်းပြည်လည်း တောပြုန်း တောင်ပြုန်း၊ သယံဇာတတွေ ပြုန်းပြီး ကဏ္ဍပေါင်းစုံမှာ နိမ့်ကျ ကျန်ရစ်ခဲ့တော့တာပဲ မဟုတ်လား။ အခုလို စစ်အာဏာသိမ်းတာ နှစ်ပေါင်း ၂၈ နှစ်ကြာအပြီး ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရ တက်လာချိန်မှာတောင် အဲဒီတုန်းက တကယ်ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေဟာ တရားဝင်မှတ်တမ်းတင်ခွင့် မရသေးပါဘူး။ ပြည်သူတွေ ဘယ်မြို့မှာ ဘယ်လောက် အသတ်ခံခဲ့ရတယ်၊ အဲဒီပြည်သူ့အလောင်းတွေကို ဘယ်နေရာမှာ ဘယ်လို ဖျောက်ဖျက်ခဲ့ကြတယ်၊ ဘယ်တပ်မ၊ ဘယ်တပ်ရင်းတွေက ဘယ်အချိန်မှာ ဘယ်လို ပစ်ခတ်သတ်ဖြတ်ခဲ့ကြတယ်၊ ပစ်မိန့်ပေးခဲ့တာ ဘယ်စစ်ခေါင်းဆောင်တွေ ဖြစ်တယ် စတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ပြည်သူတွေ တရားဝင်သိခွင့် မရသေးပါဘူး။ အသတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ ဆွေမျိုးတွေဟာ အခုချိန်ထိ သက်ရှိထင်ရှားရှိနေပြီး သမိုင်းမှန်တွေ ပေါ်ထွက်လာဖို့ စောင့်မျှော်နေကြဆဲပါ။ တကယ်တော့ အခုလို ဖုံးကွယ်ဖျောက်ဖျက်ခြင်းခံရတဲ့ သမိုင်းဖြစ်စဉ်တွေကို မှတ်တမ်းတင်ဖို့ တောင်းဆိုနေတာဟာ ကျူးလွန်ခဲ့သူတွေကို လက်စားချေဖို့ မဟုတ်ပါဘူး။ တချို့ကတော့ ပြောချင်ကြမယ် ပြီးခဲ့တာတွေ ပြီးပါစေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တယ် စသဖြင့်ပေါ့။ သမိုင်းမှန်တွေ ဖော်ထုတ်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဖော်ထုတ်လို့ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူနဲ့ တပ်မတော် နှစ်ဘက်လုံးက ယုံကြည်ကိုးစားသလို လေးစားအသိအမှတ်ပြုခြင်းခံရတဲ့ ခေါင်းဆောင်မျိုး သက်ရှိထင်ရှား ရှိနေချိန်မှာ ပိုမိုလုပ်ဆောင်သင့်ပါတယ်။ တကယ်ပဲ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ချင်တယ်ဆိုရင် သမိုင်းဖြစ်စဉ်တွေကို ဖုံးကွယ်လိမ်ညာလို့ မရနိုင်သလို၊ သမိုင်းအဖြစ်အပျက်တွေ မှတ်တမ်းပြုတဲ့အခါ မျက်နှာလိုက်ပြီး မိမိနှစ်သက်ရာသာ မှတ်တမ်းတင်လို့ မရပါဘူး။ အကြောက်တရားနဲ့ အားနာမှုနဲ့လည်း မှတ်တမ်းတင်လို့လည်း မရနိုင်ပါဘူး။ ရှစ်လေးလုံး လူထုအရေးတော်ပုံသမိုင်းတင် မကပါဘူး။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး သမိုင်းဖြစ်စဉ်လို အခြားသော မြန်မာနိုင်ငံရဲ့ သမိုင်းဖြစ်စဉ် အမြောက်အမြားဟာ စစ်အာဏာရှင်တွေရဲ့လက်ထက်ကနေ ဒီကနေ့တိုင်အောင် ဖုံးကွယ် ဖျောက်ဖျက်ထားတာ ခံနေရဆဲပါ။ ဒါပေမယ့် သမိုင်းအဖြစ်အပျက်တွေဆိုတာ ထာဝစဉ် ဖုံးကွယ်ထားလို့ မရစကောင်းပါဘူး။ သမိုင်းဆိုတာ နှောင်းလူတွေ လေ့လာ သင်ခန်းစာယူနိုင်ဖို့အတွက် လှပတဲ့ သမိုင်းဖြစ်ဖြစ်၊ ရုပ်ဆိုးအကျည်းတန်တဲ့ သမိုင်းဖြစ်ဖြစ် ဘယ်သမိုင်းကိုမဆို မခြွင်းမချန် မှတ်တမ်းထိုးရုံသာမက ပညာရေးသင်ရိုးညွှန်းတန်းထဲမှာပါ ထည့်သွင်းသင်ကြားကြရမှာပါ။ ဒါမှသာ နောင်ကို အရုပ်ဆိုး အကျည်းတန်တဲ့ သမိုင်းတွေ၊ လူလူချင်း ဗိုလ်ကျ အနိုင်ကျင့်တဲ့ သမိုင်းတွေ ထပ်မံပေါ်ပေါက် မလာနိုင်အောင် တားဆီးနိုင်မှာဖြစ်သလို မျိုးဆက်သစ်တွေအတွက် အနာဂတ်ကောင်းကို တည်ဆောက်နိုင်ဖို့ အမွေခံကောင်းတွေ ပေးနိုင်မှာ ဖြစ်တယ်။ ဖြစ်ရပ်မှန် သမိုင်းမှန်တွေ ဖျောက်ဖျက် ဖုံးကွယ်ခံထားရတော့ မြန်မာနိုင်ငံသား အများစုဟာ ဖြတ်ညှပ်ကပ် သမိုင်းလိမ် သမိုင်းညာတွေနဲ့ ကြီးပြင်းလာရတာဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးလှပါတယ်။ အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်နိုင်ငံ သမိုင်းကြောင်းအမှန်တွေကို တိတိကျကျ မသိကြတာဟာ နိုင်ငံအနာဂတ်အတွက် စိုးရိမ်စရာ ကောင်းလှပါတယ်။ ပိုဆိုးတာက ပုံဖျက်ခံထားရတဲ့ သမိုင်းအမှားတွေရဲ့ လွှမ်းမိုးမှုခံရတဲ့အခါ သူတို့ရဲ့ အတွေးအမြင် ရပ်တည်ချက် တွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက် ဖြစ်လာတော့တာပါပဲ။ ဒီလို အခြေအနေမျိုးတွေကို ဒီကနေ့ ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ် စတဲ့ အင်တာနက် စာမျက်နှာတွေမှာ အထင်အရှား တွေ့မြင်ကြလာရပါတယ်။ ကိုယ်သိတဲ့ သမိုင်းတဖြတ် အမြင်နဲ့ နိုင်ငံရေးကိစ္စရပ်တွေ၊ အများပြည်သူ လုံခြုံရေးရာ ကိစ္စရပ်တွေမှာ မိမိသိရှိတဲ့ သတင်း အချက်အလက် တချို့အပေါ် အခြေခံလို့ပဲ ဖြစ်ဖြစ်၊ မိမိ ချစ်ခင်နှစ်လိုသူတို့ဘက်က မျက်နှာသာပေး ရပ်တည်လိုတဲ့စိတ်နဲ့ ဖြစ်ဖြစ်၊ နဂိုအခံ အမုန်းအာဃာတအပေါ် အခြေပြုလို့ ဖြစ်ဖြစ် မဆင်မခြင် ကောက်ချက်ဆွဲ တွေးတောခံစားရေးသား လှုံ့ဆော်မှုတွေဟာ အလွန်အန္တရာယ်များပါတယ်။ လူတစု၊ လူတဖွဲ့အတွက်သာမက လူမျိုးပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းတခုလုံးအပြင် တိုင်းနိုင်ငံတခုတင်မက တကမ္ဘာလုံးထိ ရိုက်ခတ်အန္တရာယ်ပြု ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သမိုင်းမှန်တွေ မြန်မာနိုင်ငံသားတိုင်း သိလာစေဖို့ လက်ဖျစ်တီး အံ့ချီး ဂုဏ်ယူထိုက်တဲ့ အာဇာနည် အသိန်းအသောင်းရဲ့ စွန့်လွှတ်စွန့်စားမှု၊ အမှန်တရားကို မြတ်နိုးမှု၊ အဖိနှိပ်မခံမှု စတဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်တွေကို အခြေပြုလို့ မြန်မာပြည်သူတွေကိုယ်တိုင် အသက်သွေးများစွာ စတေးလို့ ရေးထိုးခဲ့ရတဲ့ ဖြစ်ရပ်မှန်၊ မှတ်တမ်းမှန်တွေကို တရားဝင် မြန်မာသိ၊ ကမ္ဘာသိဖြစ်အောင် အမြန်ဆုံး ကမ္ပည်းထိုးနိုင်ဖို့ လေးနက်စွာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မင်းကောင်းချစ် အောက်တိုဘာ ၃၀ ရက်နေ့ ၂၀၁၆ ခုနှစ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024