စပါးဈေးကျ၍ နစ်နာနေသည့် ထိုင်းလယ်သမားများအတွက် ချေးငွေထုတ်ပေးမည်

ဓာတ်ပုံ - အေပီ
2K
ထိုင်းနိုင်ငံမှာ စပါးဈေးကျလို့ နစ်နာနေတဲ့ တောင်သူလယ်သမားတွေအတွက် ချေးငွေ ဒေါ်လာ သန်းပေါင်း ၁၂၉၀ ထုတ်ချေးပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြေညာလိုက်ပါတယ်။
ထိုင်းဟာ ကမ္ဘာမှာ ဒုတိယ ဆန်အများဆုံးတင်ပို့တဲ့နိုင်ငံ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လောလောဆယ် စပါးရိတ်သိမ်းချိန် ဖြစ်ပြီး ဒီနှစ်မှာ နိုင်ငံခြားတင်ပို့တဲ့ နာမည်ကျော် ဂျက်စမင်း ခေါ် စပယ်ဆန်မွှေးဈေးနှုန်းဟာ အနိမ့်ဆုံးအထိ ကျဆင်းနေပါတယ်။
ဒါကြောင့် လယ်သမားတွေ သက်သာရာ ရစေဖို့အတွက် အစိုးရက ချေးငွေအစီအစဉ်နဲ့ ဆန်ဈေးနှုန်းကို ဈေးကွက်ထဲမှာ တည်ငြိမ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အစီအစဉ်အရ ဆန်တတန်တိုင်းအတွက် စိုက်ပျိုးရေးဘဏ်က ဘတ်ငွေ ၉၅၀၀ ထုတ်ပေးမှာဖြစ်ပြီး နောက်ထပ်လည်း ဆန်တတန်အတွက် ရိတ်သိမ်းခနဲ့ ဆန်အရည်အသွေး မြှင့်တင်ရေးအတွက် ဘတ်ငွေ ၂၀၀၀၊ ထိန်းသိမ်းစရိတ်အတွက် နောက်ထပ် တတန်တိုင်းအတွက် ဘတ် ၁၅၀၀၊ စုစုပေါင်း ဆန်တတန်တိုင်းအတွက် ၁ သောင်း ၃ ထောင် (ဒေါ်လာ ၃၇၀ ကျော်) ရရှိမယ်လို့ ဆိုပါတယ်။
ကုန်ကျစရိတ်တွေအားလုံး အစိုးရပိုင် စိုက်ပျိုးရေးဘဏ် (BAAC) က ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီချေးငွေနဲ့ ဂျက်စမင်းစပါး စိုက်ပျိုးတဲ့ လယ်သမား အိမ်ထောင်စုပေါင်း ၂ သန်းဟာ သူတို့ဆန်တွေကို ၆ လကြာအောင် ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်ပါတယ်။
စပယ်ဆန်မွှေးတတန် လက်ရှိပေါက်ဈေးက ၇၂၅ ဒေါ်လာရှိပြီး ဒါဟာ ၂၀၀၈ က ဒေါ်လာ ၇၁၀ အထိ ကျဆင်းခဲ့တဲ့နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်း ဖြစ်ပါတယ်။
စပယ်ဆန်မွှေးဟာ ထိုင်းဆန်ပို့ကုန်ရဲ့ လေးပုံတပုံ ဖြစ်ပါတယ်။