Live
Home
သုံးသပျခကျြ
မြန်မာပြည် ငြိမ်းချမ်းရေးအလားအလာ ဘာတွေဖြစ်လာနိုင်မလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
November 2, 2016
ဦးတိုးဇော်လတ် (ဒီဗွီဘီ) ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ မိုင်းလား အထူးဒေသ-၄ မှာ UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က အောက်တိုဘာလ ၁၈ ရက်နေ့လောက်က ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ အဲဒီအပေါ်မှာ တပ်မတော်ကနေပြီးတော့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲမှုကို ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ဆုတ်ခွာပေးဖို့ ရာဇသံပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကျနော်တို့ အောက်တိုဘာလ ၂၈ ရက်နေ့အထိတော့ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးပါဘူး။ အဲဒါနဲ့ပတ်သက်လို့ ဒေသခံအချို့ကလည်း တော်တော်စိုးရိမ်ကြပါတယ်။ အဲဒီအနီးတဝိုက်က တချို့ အစိုးရဝန်ထမ်းတွေလည်း ကျိုင်းတုံဘက်ကို ထွက်ခွာနေတယ်လို့ သိရပါတယ်။ အဲဒါနဲ့ဆက်စပ်ပြီး ဖြစ်လာနိုင်တဲ့ မြန်မာပြည် ငြိမ်းချမ်းရေးအခြေအနေ၊ အခုလိုမျိုး မြန်မာပြည်မြောက်ပိုင်း တခုလုံး ကချင်ဘက်မှာလည်း စစ်ဆင်ရေးတွေ ထိုးနေတယ်။ အဲဒီလိုပဲ မိုင်းရှူးဘက် အက်စ်အက်စ်ပီပီ ရှမ်းမြောက်ဘက်မှာလည်း မငြိမ်သက်မှုတွေ ဖြစ်နေတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးအလားအလာ ဘယ်လိုဖြစ်နိုင်လဲဆိုတာ ဒီနေ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ The Voice ဂျာနယ် ဒု-အယ်ဒီတာချုပ် ဦးဇေယျာသူတို့ပဲ ဖြစ်ပါတယ်။ ဆရာသန်းစိုးနိုင်ကို ပထမဆုံး မေးပါရစေ။ အခုတော့ အဓိက ဝ နဲ့ မိုင်းလား၊ သူတို့ရဲ့ မဟာမိတ်အတွင်းပြဿနာပေါ့နော်။ နေရာဝင်ယူထားတယ်။ တပ်က ပြန်ဆုတ်ခိုင်းတယ်။ ဒီဟာတွေရဲ့ နောက်ကွယ်မှာတော့ မိုင်းလားက အန်စီအေထိုးမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိခဲ့တယ်။ ၂၁ ပင်လုံတုန်းက သူတို့ဥက္ကဋ္ဌကိုယ်တိုင် လာတက်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဆရာ နောက်ဆုံးအခြေအနေရတော့ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးဘူး။ နယ်မြေတည်ငြိမ်မှုရော ငြိမ်းချမ်းရေး အလားအလာရော ဘာတွေ ဖြစ်လာနိုင်လဲ၊ ဆရာ စပြီးတော့ သုံးသပ်ပေးပါခင်ဗျ။ ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ) ဝအဖွဲ့က ကျနော့်အမြင်အရ မိုင်းလားဒေသက နေရာယူထားတဲ့ ရှေ့တန်းခံစစ်ကြောင်းတွေက ဆုတ်ခွာမယ့်သဘောထား မရှိပါဘူး။ ဆုတ်ခွာမယ့်သဘောထား မရှိတဲ့အကြောင်းက အဓိကက ဘာလဲဆိုတော့ သူက ဝပြည်နယ်ဖွဲ့ဖို့ တောင်းဆိုထားတယ်။ အဲဒီလို တောင်းဆိုထားတဲ့အခါမှာ ဝ တောင်ပိုင်းပြည်နယ်တွေနဲ့ ဝ မြောက်ပိုင်းဒေသ ဆက်စပ်ရေးရဲ့ အဓိကလမ်းကြောင်းနဲ့ အဓိကနေရာဟာ မိုင်းလား ဖြစ်နေတယ်။ အဲဒီတော့ မိုင်းလားကို လက်လွှတ်ဆုံးရှုံးမယ်ဆိုရင် တောင်ပိုင်းပြည်နယ်တွေနဲ့ ပူးပေါင်းရေးမှာ တော်တော်အခက်အခဲကြီးသွားနိုင်တယ်။ ဒါက အချက်အလက်တခုပေါ့ဗျာ။ နောက် အချက်အလက်တခုက ခု နားလည်နေကြတာ ဝက မိုင်းလားကို ဝင်ရောက်ပြီး သိမ်းပိုက်တယ်ဆိုတာ အပြည့်အစုံ မမှန်ပါဘူး။ ဘာကိုပြောချင်တာလဲဆိုတော့ မိုင်းလားရဲ့ မူလအုပ်ချုပ်ရေး၊ နောက် ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ မူလအုပ်ချုပ်ရေး အနေအထား၊ သူတို့ရဲ့ တရားစီရင်ရေး၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးဟာ မူလအတိုင်း ရှိနေတယ်။ အခု ဝက နေရာယူထားတာက ကျိုင်းတုံကနေပြီးတော့ မိုင်းလားကိုလာတဲ့ လမ်းကြောင်းပေါ်မှာ အဓိကရှိနေတာက တာပိန်၊ ကတို့မှာရှိနေတဲ့ စခန်း ၃ ခုကို သူက ယူထားတာ။ အဲဒီလိုယူထားတာက မိုင်းလားကို တပ်မတော်က တစုံတရာ စစ်ဆင်ရေးတွေ လုပ်လာရင် ကာကွယ်နိုင်အောင်ဆိုတဲ့ အနေအထားနဲ့ ယူထားတာ။ ဒေသတခုလုံး အုပ်ချုပ်ရေးသိမ်းတာ ဘာညာ မဟုတ်ပါဘူး။ အဲဒီအဖြစ်အပျက်မျိုးက ၂၀၀၉ ခုနှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်။ ၂၀၀၉ ခုနှစ်က ဘီဂျီအက်ဖ်ဖွဲ့ဖို့ တောင်းဆိုတဲ့အချိန်မှာ မိုင်းလားကလည်း ဘီဂျီအက်ဖ် လက်မှတ်မထိုးနိုင်ဘူး။ အဲဒီအခါမှာ ဝက မိုင်းလားရဲ့ စခန်းတွေကို ဝင်ပြီး နေရာယူထားတာ ရှိတယ်။ ဒါပေမယ့် ဒီတခါ လွဲမှားသွားတဲ့ကိစ္စကတော့ သက်ဆိုင်ရာ မိုင်းလားခေါင်းဆောင်တွေကို ညှိနှိုင်းမှုမရှိဘဲနဲ့ ဝအဖွဲ့က အင်နဲ့အားနဲ့ ရုတ်တရက် ဝင်လာတဲ့အခါမှာ မလိုလားအပ်တဲ့ သူတို့ကြားထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်သွားတယ်။ အဲဒီအပေါ်မှာ တပ်မတော်ကလည်း ဒီနေ့ ဝက မိုင်းလားမှာ နေရာယူထားပြီ ဆိုတဲ့အခါမှာ ကျိုင်းတုံဒီဘက်က တာပိန်၊ တာပိန်ရဲ့ မြန်မာအစိုးရတပ်မတော်ရဲ့ နယ်မြေတွေမှာ စစ်အင်အား ဖြည့်တင်းမှုတွေ၊ သံချပ်ကာတပ်ရင်းတရင်း၊ နောက် လေယာဉ်တွေက ဝဲတာတွေ စသည်အားဖြင့် ဖြစ်လာတဲ့အခါကျတော့ အဲဒီ ဝ၊ မိုင်းလား ပြဿနာကနေပြီးတော့ အခုဟာ တပ်မတော်နဲ့ ဝနဲ့ စစ်ဖြစ်ကြတော့မှာလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်လာတဲ့ အနေအထား။ အဲဒီအနေအထားကို ကျနော်တို့ တားဆီးဖို့လိုပါတယ်။ ကာကွယ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် တကယ်လို့ အဲဒီနေရာမှာ တပ်မတော်နဲ့ ဝအဖွဲ့တွေ စစ်ရေးပဋိပက္ခ ဖြစ်လာရင် မဲခေါင်မြစ်ဝှမ်းကနေ ရွှေလီမြစ်ဝှမ်းအထိ ရှည်လျားတဲ့ လမ်းကြောင်းကြီးတခုလုံးမှာ စစ်ပွဲတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဒါ ကျနော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် တော်တော့်ကို ဆိုးဝါးတဲ့အလားအလာလို့ မြင်ပါတယ်ခင်ဗျာ။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) ဟုတ်ကဲ့ခင်ဗျ။ ကျနော် ဆရာဇေယျာသူကိုလည်း မေးပါမယ်။ အဲဒီလိုပဲ UWSA ဝ ပြည် သွေးစည်းညီညွတ်ရေးကလည်း နိုင်ငံတော် ငြိမ်းချမ်းရေးကော်မရှင်ကို ၂၁ ရက်နေ့က စာရေးထားပါတယ်။ အထူးသဖြင့်တော့ စစ်ရေးကိစ္စကို အလွယ်တကူ အဖြစ်ခံမှာ မဟုတ်ဘူး။ ပြည်ထောင်စုပြိုကွဲရေးတွေကိုလည်း သူတို့အနေနဲ့ လုပ်မှာမဟုတ်ဘူး။ အဲဒီတော့ တပ်မတော်ဘက်ကလည်း ဒီကိစ္စက ကချင်ဘက်မှာလည်း စစ်ဆင်ရေးတွေ လုပ်နေတယ်။ တကယ်လို့များ ဝနဲ့ စစ်ဖြစ်ခဲ့ပြီဆိုရင် တကယ်ရော ဖြစ်နိုင်ခြေရှိလား။ ဘာတွေဖြစ်လာနိုင်လဲ။ အဲဒီနောက်ဆက်တွဲ တကယ်ရော လက်တွေ့ဆန်တဲ့စစ်ပွဲတွေ ဖြစ်နိုင်ပါ့မလားဆိုတာ ဖြည့်စွက်ပြီးတော့ သုံးသပ်ပေးပါဦး။ ဦးဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) အခုဟာကတော့ ဝနဲ့ ဒီဘက်က အစိုးရအဖွဲ့နဲ့လည်း ခုနကလိုမျိုး စာပို့တာ ဘာညာ အပြန်အလှန် ရှိနေတယ်။ ပြီးတော့ အောက်ပိုင်းမှာလည်း ဆွေးနွေးတာတွေ ရှိတယ်လို့ ပြောတယ်။ ပြီးတဲ့အခါကျတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း တရုတ်စစ်ဦးစီးချုပ်ရဲ့ ဖိတ်ခေါ်မှုနဲ့ တရုတ်ကိုသွားရတယ် ဆိုတဲ့အခါကျ ဒါက ဘာကိုပြနေလဲဆိုရင် ဒိုင်ယာလော့ဂ် ရှိနေတယ်။ အပြန်အလှန် စကားပြောတာတွေ ရှိနေတယ်ဆိုတော့ နှစ်ဘက်လုံးကတော့၊ နှစ်ဘက်လုံးပဲပြောပြော၊ သုံးဘက်လုံးပဲပြောပြော၊ လေးဘက်ပဲပြောပြော ဒီထဲမှာပါနေတဲ့ ဘက်တွေက စစ်ဖြစ်ချင်စိတ်တော့ ကျနော့်စိတ်ထင် မရှိဘူးဗျ။ ဘာသွားမြင်ရလဲဆိုတော့ အခု အစိုးရအဖွဲ့က ပြောင်းသွားပြီ။ ပြောင်းတယ်ဆိုတာက ၆ လ၊ ၇ လပဲ ရှိသေးတယ်ဆိုတော့ အစိုးရအဖွဲ့ပြောင်းရင်၊ ရိုးရိုး အမေရိကန်တို့ ဘာတို့လိုမျိုး နောက်အစိုးရတခုပြောင်းသွားရင် သူ့ဟာသူ ဒီ Structure က ရှိနေတာ မဟုတ်ဘဲနဲ့ ကျနော်တို့ဆီမှာ လူပေါ်အခြေခံတယ်။ ပြီးတော့ စနစ်က ပြောင်းနေချိန် ဖြစ်တဲ့အတွက် Equilibrium ပြောမှာပေါ့နော်။ မျှခြေက ပြောင်းသွားတယ်။ ပြောင်းသွားတဲ့အခါကျတော့ ဟိုဘက်က Player တွေကလည်း ဒီမျှခြေပြောင်းသွားတဲ့အချိန်မှာ သူတို့အနာဂတ်ကို သူတို့က လိုက်ဆောက်တာ။ ဆောက်တဲ့အခါကျတော့ တပ်ကလည်းရှိမယ်၊ ဝ ကလည်း ရှိမယ်၊ ပြီးရင် Player တယောက်ယောက်က စကားပြောတာပေါ် မူတည်ပြီးတော့ အဲဒီအပေါ်မှာ တုံ့ပြန်တာတွေ ဘာတွေ ပေါ်လာတဲ့အခါကျတော့ ခုအချိန်ကတော့ သူက Equilibrium အပြောင်းကို လိုက်ညှိနေတဲ့အချိန်ဆိုတော့ အထိအရှမခံတဲ့အချိန် ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့လည်း အခုလိုမျိုး ဒီဘက်က တပ်ရွှေ့လိုက်တယ်။ ရွှေ့လိုက်တဲ့အခါကျတော့ ဟိုဘက်ကလည်း စိုးရိမ်မှုတွေ ဖြစ်လာတယ်။ တပ်မတော်ကလည်း လေယာဉ်ပျံဝဲတာ ဘာညာနဲ့ သူကလည်း ပြန်ပြီးတော့ ဒီဘက်က တုံ့ပြန်မှု ဖြစ်လာတယ်။ ကြားထဲမှာ စကားတွေ ဘာတွေ ကားတာတွေလည်း ရှိနိုင်တာပေါ့။ အဲဒါကြောင့်မို့လို့ အခုလို ဖြစ်လာတာလို့ မြင်တယ်။ ဒါပေမယ့် ကျနော့်စိတ်ထင် စစ်ကတော့ ပါနေတဲ့ဘက်တွေ အကုန်လုံးက ဖြစ်ချင်ပုံတော့ မရဘူးပေါ့၊ လောလောဆယ် အနေအထားအရ။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) ဆရာဇေယျာသူကတော့ တရုတ်ပြည်ရဲ့ အနေအထားကို ထည့်တွက်ပြီးတော့ ဆွေးနွေးသွားပါတယ်။ အဲဒီလိုပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တရုတ်ပြည်ကို သွားနေပါတယ်။ သေချာတာကတော့ ဒီကိစ္စလည်း ပြောရမှာပေါ့နော်။ အထူးသဖြင့် ဝ ရော၊ မိုင်းလားရော၊ ကိုးကန့်ရော၊ ကိုးကန့်ဆိုတာ အရင်တုန်းက တရုတ်ပြည်နဲ့ အင်မတန်နီးစပ်ခဲ့တဲ့ အဖွဲ့တွေပါ။ အဲဒီလိုပဲ အစိုးရသစ်တက်လာပြီး တရုတ်ပြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး အင်မတန် ကောင်းလာပါတယ်။ အဲဒီအပေါ်မှာရော တရုတ်ပြည်ရဲ့ အရေးပါမှု၊ နောက်တခုက ဒီလိုမျိုး တင်းမာမှုတွေမှာ ဘာတွေများ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိလဲ။ နောက်တခု တကယ်တမ်း စောစောကပြောတဲ့ ဒေသတွင်း တည်ငြိမ်မှုပေါ့။ တရုတ်ပြည်ကလည်း တည်ငြိမ်မှုကို အင်မတန် လိုလားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေများ နောက်ဆက်တွဲ ဖြစ်လာနိုင်မလဲဆိုတာ ဆရာ နည်းနည်းဖြည့်စွက်သုံးသပ်ပေးပါဦး ခင်ဗျ။ ဦးသန်းစိုးနိုင်(နိုင်ငံရေးလေ့လာသုံးသပ်သူ) ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ပြည်ခရီးစဉ်က ဒီအချိန်မှာ လိုအပ်ပြီးတော့ ဆွေးနွေးမယ့်ပြဿနာကလည်း တခြား ဘယ်ခေါင်းစီးအောက်မှာပဲရှိရှိ မိုင်းလားပြဿနာ ပါမှာပဲ။ တရုတ်ပြည်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို သူ့အနေနဲ့ လိုလားတယ်။ နောက် မြန်မာအစိုးရနဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့အတွက်လည်း သူက မျှော်လင့်ချက်အကြီးအကျယ် ထားနေတဲ့အချိန် ဖြစ်တယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ မိုင်းလားပြဿနာမျိုး ပေါ်လာမှာကို သူ့အနေနဲ့ စိုးရိမ်စိတ် မုချရှိနေတယ်။ ကျနော်တို့ ကိုးကန့်ပြဿနာပေါ်တုန်းကလည်း ကိုးကန့်ပြဿနာကို အကြောင်းပြုပြီးတော့ နှစ်ဘက်စစ်ရေးအရ ရင်ဆိုင်ခဲ့ရတဲ့ တင်းမာတဲ့အနေအထားကို ရောက်ရှိခဲ့တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုးကန့်ကတော့ အစိုးရရဲ့ အုပ်စိုးမှုအောက် ရောက်သွားတယ်ပေါ့။ ဒီတခါ မိုင်းလား အဲဒီလို ဖြစ်လာခဲ့ရင် မိုင်းလားမှာတင် ရပ်မှာမဟုတ်ဘူး။ ဝနယ်နဲ့ပါ ဆက်စပ်လာမယ့်ကိစ္စတွေ ရှိနေတယ်။ အဲဒီအခြေအနေကတော့ တရုတ်ပြည်က မလိုလားဆုံး အနေအထား ဖြစ်တယ်။ နောက် ဒီဆက်ဆံရေးတွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်ရှိတယ်။ နောက် တပ်မတော်ရှိတယ်။ နောက်ပြီးတော့ တဖက်က တိုင်းရင်းသား အဖွဲ့အစည်းတွေ ရှိတယ်။ ဝ၊ မိုင်းလားတို့ ရှိတယ်။ အခုလက်ရှိအနေအထားက တယောက်ယောက်ကတော့ ဒီကိစ္စကို အဆင်ပြေအောင် ထိန်းညှိနိုင်ဖို့ လိုအပ်နေတယ်။ အဲဒီလိုအပ်ချက်ကို တရုတ်က ဖြည့်ဆည်းပေးလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားဆက်ဆံရေးကိုယ်စားလှယ် မစ္စတာဆွန်ဒေါင်းကိုယ်တိုင် ဝ နယ်ကိုရော၊ မိုင်းလားကိုရော လာပြီးတော့ ဆွေးနွေးပြောဆိုခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒီတော့ အခုကိစ္စမှာဆိုရင်တော့ တရုတ်က ဒုတိယကိုးကန့်၊ မိုင်းလား ဖြစ်မလာရေးအတွက် တရုတ်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အကြံပေးလိမ့်မယ်၊ တိုက်တွန်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီထက်လွန်ကဲပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ စွက်ဖက်တာမျိုး၊ တောင်းဆိုတာမျိုးတော့ လုပ်မယ်လို့ ကျနော် မထင်ပါဘူး။ အဲဒါ ကောင်းတဲ့ အခြေအနေပါ။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) ဒါ တရုတ်နဲ့ပတ်သက်လို့ ဝ နယ်တချို့ကလည်း ထိုင်းဘက်လည်း ပါတာပေါ့နော်။ Geo Politics ပြန်ပါလာတယ်။ နောက်တခု နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အမေရိကန် ရွေးကောက်ပွဲကလည်း ရှိတယ်။ တကယ်လို့များ ကလင်တန်တက်လာရင် ဒေါ်စုနဲ့ တော်တော်နီးတယ်။ ထိုင်းမှာလည်း စစ်အစိုးရ။ ဖိလစ်ပိုင်ကလည်း ဒူတာတေနဲ့လည်း အမေရိကန်အစိုးရနဲ့ သိပ်လည်းအဆင်မပြေလှဘူး။ အဲဒီတော့ မြန်မာသည် အရှေ့တောင်အာရှမှာတော့ အမေရိကန်နဲ့ အနီးစပ်ဆုံး ဖြစ်လာနိုင်တယ်ဆိုတဲ့ဟာ ရှိတယ်။ အဲဒီအပေါ်မှာရော  အခုလက်ရှိ ပြည်တွင်းတင်းမာမှုနဲ့ နိုင်ငံတကာ Geo Politics နဲ့ အင်အားကြီးနိုင်ငံတွေ ပတ်သက်လာနိုင်တယ်ပေါ့နော်။ တရုတ်တို့၊ အမေရိကန်တို့ ဝ ကိစ္စနဲ့ ပတ်သက်လို့ပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဆရာဇေယျာသူ၊ ဖြစ်လာနိုင်တဲ့ အလားအလာမှာ မြန်မာပြည်ဟာ တကယ်တမ်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားထဲမှာ မြန်မာပြည်က ဘာအကျိုးအမြတ် ရနိုင်လဲပေါ့။ နောက်တခုကလည်း ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ ပြည်တွင်းတည်ငြိမ်ရေးမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ ဘယ်လောက်ပါလာနိုင်လဲဆိုတာ ဖြည့်စွက်ပြီး ဆွေးနွေးပါဦးခင်ဗျ။ ဦးဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) နိုင်ငံတကာ Player တွေကတော့ ကျနော်တို့အနားမှာ ရှိနေတယ်။ တရုတ် ရှိတယ်။ နောက် ဝေးတယ်ဆိုပေမယ့် နီးတယ်ဆိုတဲ့ အမေရိကန်ပေါ့လေ။ သူက ရှိနေတယ်။ ရှိတယ်ဆိုတဲ့အခါကျတော့ ကျနော့်အမြင်ကတော့ စူပါ ပါဝါ လောင်းလျာရော၊ စူပါ ပါဝါ လက်ရှိရောပေါ့နော်။ သူတို့နှစ်ယောက်လုံးနဲ့ အဆင်ပြေနေတာက ကောင်းတယ်။ သူတို့နှစ်ယောက်က ကိုယ့်မြေပေါ်မှာ သူတို့အချင်းချင်း ချနေကြတာမျိုးပေါ့နော်။ ကိုယ်တိုင် မချတောင်မှ သူတို့မြှောက်ပေးတဲ့ အဖွဲ့တွေပဲ ပြောပြောပေါ့နော်။ သူတို့အကျိုးလိုလားတဲ့ အဖွဲ့တွေ ချနေတာမျိုး ဒါကတော့ ကျနော်တို့က လုံးဝမဖြစ်သင့်ဘူး။ အဲဒါမျိုးဖြစ်ရင်တော့ ကျနော်တို့က ကျေသွားလိမ့်မယ်ပေါ့နော်။ အဲဒီကနေပြီးတော့ နောက်တဆင့်ပြန်သွားရရင် ဟီလာရီကလင်တန် တက်လာရင်ပေါ့။ ဒါကတော့ ဟီလာရီ တက်လာရင် အိုဘားမားရဲ့ နောက်ဆက်တွဲ တက်လာမှာပဲ။ အိုဘားမားလက်ထက်မှာ အမေရိကန်က ကျနော်တို့မြန်မာပြည် အများကြီးပြောင်းလာတယ်ဆိုပြီး အိုဘားမားကိုယ်တိုင်ကလည်း ဂုဏ်ယူတယ်ပေါ့။ သူ့လက်ထက်မှာလည်း အများကြီး ပြောင်းသွားတာရှိတယ်။ တရုတ်ကိုကလည်း သူက ထိန်းမယ် ကျောင်းမယ်။ ဆိုဗီယက်ခေတ်က Containment Strategy လိုပေါ့။ အဲဒါက အကုန်လုံး မဟုတ်တောင်မှ နည်းနည်းတော့ ကျင့်သုံးနေတာ တွေ့ရတဲ့အခါကျတော့ အမေရိကန်အတွက်တော့ မြန်မာက အရေးကြီးတယ်ပေါ့နော်။ နိုင်ငံသေးပေမယ့် တကယ်တမ်းတော့ အရေးကြီးတယ်။ တရုတ်အတွက်ကလည်း အိန္ဒိယသမုဒ္ဒရာထွက်ပေါက်လည်း ဖြစ်နေတယ်။ တဆက်တည်းမှာပဲ ဘာလဲ ဖြစ်နေပြန်လဲဆိုရင် တရုတ် မပါရင် မြန်မာပြည်ရဲ့ စီးပွားရေးရော၊ ငြိမ်းချမ်းရေးရော၊ နိုင်ငံရေးရော ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဆိုတဲ့အခါကျတော့ ဟီလာရီ တက်လာမယ်။ ဟီလာရီနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကျတော့လည်း ညီအစ်မ ဆက်ဆံရေးပေါ့။ တယောက်နဲ့တယောက် ဖေးမကြတယ်။ ရိုးရိုးနိုင်ငံရေးသမား အချင်းချင်းနဲ့ မတူဘဲ သူတို့ပုံစံက တော်တော်လေး ရင်းနှီးတဲ့ပုံ။ တယောက်နဲ့တယောက် အားကိုးတဲ့ပုံစံမျိုး ရှိတဲ့အခါကျတော့ ဟီလာရီ တက်လာရင်တော့ မြန်မာပြည်အတွက်က အကျိုးယုတ်စရာ မရှိဘူးပေါ့လေ။ ထိုင်းမှာကလည်း စစ်အစိုးရ ဖြစ်တယ်။ ဒူတာတေကလည်း နည်းနည်း ရမ်းရမ်းကားကားနဲ့ သူကတောင်မှ တရုတ်နဲ့က အရင်ကတည်းက ခင်ခဲ့တာပုံစံမျိုးဖြစ်အောင် လုပ်နေတဲ့အခါကျတော့ မြန်မာက နိုင်ငံရေး Structure အရကလည်း ကျနော်တို့က ဒီမိုကရေစီဘက်ကို တော်တော်လေးသွားနေတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့အချိန်ဖြစ်တဲ့အတွက် ဟီလာရီ တက်လာရင်တော့ ကျနော်တို့က အကျိုးခံစားရမယ်။ ဒါပေမယ့် တရုတ်ကလည်း အရမ်းကြီး စိုးရိမ်မသွားအောင် တရုတ်ဘက်ကို ကျနော်တို့က ကြည့်တယ်ဆိုတာမျိုးတော့ သွားထားဖို့ လိုတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) ကျနော်တို့ နိုင်ငံတကာအရေးကနေ ဆရာ့ကို နောက်ဆုံးအနေနဲ့ တိုင်းရင်းသားတွေအရေးကို ပြန်ကြည့်ရအောင် ဆရာရယ်။ ခု ၂၁ ပင်လုံ ဖော်ဆောင်နေတဲ့အချိန်မှာပဲ တိုင်းရင်းသားတွေက ၃ အုပ်စုလောက် ဖြစ်သွားတယ်။ အန်စီအေ ထိုးတဲ့အဖွဲ့၊ ယူအန်အက်ဖ်စီ မထိုးတဲ့အဖွဲ့၊ ခုဆို ဝ၊ မိုင်းလား၊ ကျန်တဲ့အဖွဲ့ ၃ ဖွဲ့ပေါ့နော်။ အဲဒါတွေက ကျနော်ထင်တယ်၊ ရင်ကြားစေ့ရေးမှာ အင်တာနဲ့ အင်ထရာပေါ့။ စစ်အစိုးရ၊ ဒါမှမဟုတ် တပ်မတော်နဲ့၊ ဒါမှမဟုတ် အစိုးရနဲ့ ပြေလည်ဖို့ တခု၊ တိုင်းရင်းသားအချင်းချင်း ပြေလည်ဖို့ တခု။ အခု တဖြည်းဖြည်းနဲ့ ပိုများဝေးလာလား ဆရာ။ တကယ်တမ်း အင်ထရာပေါ့နော်။ တိုင်းရင်းသားတွေ အဲဒီအပေါ်မှာ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးတခုပေါ်အောင် တိုင်းရင်းသားတွေ အချင်းချင်းရော ဘယ်လိုလုပ်သင့်လဲ။ နောက်တဆင့် အခုလိုမျိုး ပြည်တွင်းစစ်မီး ပူနေရာကနေပြီး အဲဒီထဲက ဘယ်လို ရုန်းထွက်သင့်လဲ၊ တကယ့်ငြိမ်းချမ်းရေးကို ဦးတည်ဖို့ ဘာတွေ လုပ်သင့်လဲ ဆရာ ဆွေးနွေးပေးပါခင်ဗျ။ ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ) ဒီနေ့ဖြစ်နေတဲ့ပြဿနာတွေရဲ့ အခြေခံက အန်စီအေ ပြဿနာလို့ ကျနော် ပြောချင်ပါတယ်။ အန်စီအေ ပြဿနာထဲမှာ ပထမဦးဆုံးပြဿနာက အားလုံးပါဝင်ရေး ပြဿနာ။ ကေအန်ယူ ဦးဆောင်တဲ့ တောင်ပိုင်းကအဖွဲ့အစည်းတွေ လက်မှတ်ထိုးကြတယ်။ ဒါပေမယ့် ကေအိုင်အေ ဦးဆောင်တဲ့ မြောက်ပိုင်းအဖွဲ့ အတော်များများက လက်မှတ်မထိုးဘူး။ အဲဒါ အဓိက ဘာကြောင့်လဲဆိုရင် အဖွဲ့ ၃ ဖွဲ့ကို တပ်မတော်က လက်မခံလို့။ အဲဒီတော့ ဒီအဖွဲ့တွေ မပါဘဲနဲ့တော့ အန်စီအေကို လက်မှတ်မထိုးနိုင်ဘူးဆိုတဲ့ကိစ္စ ပြဿနာ ဖြစ်လာတယ်။ နောက် အဲဒီမှာ ဆက်ပြီးတော့ ဖြစ်လာတဲ့ကိစ္စက ဝ နဲ့ မိုင်းလား။ ဝ နဲ့ မိုင်းလားကလည်း သူတို့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးပြီ။ အဲဒီလိုစာချုပ် ချုပ်တဲ့အချိန်တုန်းက အန်စီအေဆိုတာ ပေါ်ကိုမပေါ်သေးဘူး။ အဲဒီတော့ အန်စီအေပေါ်လာမှ ကျနော်တို့ သူတို့ကို အန်စီအေ လက်မှတ်ထိုးခိုင်းတယ် ဆိုတာကို သူတို့က မူအရ သဘောမတူဘူး။ သဘောမတူဘူးဆိုတာ ငြိမ်းချမ်းရေးမလုပ်ချင်တာ မဟုတ်ဘူး။ သူတို့က ငြိမ်းချမ်းရေးယူပြီးသားတွေ ဖြစ်နေတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်တဲ့ကိစ္စ၊ အခု တိတိကျကျ ပြောရရင် အန်အာပီစီပေါ့။ အန်အာပီစီက အခု သူတို့ ယူပီဒီဂျေစီ အစည်းအဝေးတွေမှာလည်း အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ သူတို့ မရှင်းနိုင်ဘူး။ မိုင်းလားကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ အန်စီအေ လက်မှတ်ထိုးရေး၊ မထိုးရေးက ကျနော်တို့က ပြဿနာမဟုတ်ဘူး။ သို့သော် ကျနော်တို့က ပိုမြင့်တဲ့ ငြိမ်းချမ်းရေးအဆင့်ကို ဖြတ်သန်းပြီးမှ ဘာကြောင့် အန်စီအေ လုပ်တာလဲ။ အဲဒီတော့ အခု နောင်လာမယ့် လှုပ်ရှားမှုတွေမှာ၊ ဒီညီလာခံလွန်ကာလမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုက အန်စီအေ လက်မှတ်မထိုးရင် ရှေ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လှုပ်ရှားခွင့်မရဘူးဆိုရင် ကျနော်တို့ အခုလာမယ့် ရှေ့ဆက်လျှောက်ရမယ့် ငြိမ်းချမ်းရေးလမ်းကြောင်းဟာ၊ ညီလာခံမတိုင်ခင် အခြေအနေထက်တောင် ပိုဆိုးသွားမယ့် အခြေအနေမျိုး ရောက်နေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အန်စီအေနဲ့ပတ်သက်တဲ့ကိစ္စကို မူသေသတ်မှတ်မထားဘဲ၊ ဆုပ်ကိုင်မထားဘဲနဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲထဲမှာ ပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဖို့၊ အားလုံးပါဝင်ရေးကို လက်ခံဖို့၊ နောက်ပြီးတော့ ကျနော်တို့ ဝ နဲ့ မိုင်းလားရဲ့ ထူးခြားတဲ့အခြေအနေကို ထူးခြားစွာ စဉ်းစားပြီးတော့ ငြိမ်းချမ်းရေးမှာ လိုက်ပါနိုင်တဲ့ လမ်းကြောင်းတခုကို ဖော်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီကိစ္စကို ကျနော်တို့ စစ်ရေးနည်းအရ ဖြေရှင်းမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ဦးတည်ချက်ကြီးဟာ ၁၈၀ ဒီဂရီ ပြန်ကွေ့သွားနိုင်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) ဟုတ်ကဲ့။ မြန်မာပြည် ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုရင်း စကားဝိုင်းကို ဒီမှာပဲ ရပ်နားပါမယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024