Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ထံ အွန်လိုင်းမှတဆင့် တိုင်ကြားစာများပေးပို့နိုင်
DVB
·
November 2, 2016
  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်သူလူထုအနေနဲ့  အွန်လိုင်း အင်တာနက်ဝက်ဆိုက်က  တဆင့်တင်ပြစာတွေပေးပို့ နိုင်ပြီလို့  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူလူထုရဲ့  တင်ပြချက်တွေကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးဖို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝက်ဘ်ဆိုဒ်  http://www.statecounsellor.gov.mm/ ကို ဆက်သွယ်နိုင်တယ်လို့  သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုင်ငံတော်သမ္မတကလည်း ပြည်သူတွေရဲ့ တင်ပြစာတွေကို အွန်လိုင်းက တဆင့် ပေးပို့နိုင်ဖို့ လုပ်ဆောင်ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံရုံးက အလားတူ ဆောင်ရွက်လာတာဖြစ်ပါတယ်။   ဒါ့အပြင် အသိပေးတိုင်ကြားစာတွေကို  ဒုဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရုံး ရုံးအမှတ် ၂၀ နေပြည်တော်ကို လိပ်မူပြီးမှတ်ပုံတင်စာနဲ့ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ ဖက်စ်နဲ့ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ တိုင်တန်းသူတွေအနေနဲ့ အစိုးရပိုင်းနဲ့ ဌာနဆိုင်ရာပိုင်း တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ အဂတိလိုက်စားမှု၊ မမှန်မကန်လုပ်ဆောင်ခဲ့မှုတွေကို အထောက်အထားအချက်အလက်တွေနဲ့ ပူးတွဲပြည့်စုံစွာဖော်ပြရမှာဖြစ်ပြီး တရားရုံးမှာ အမှုဖွင့်တိုင်ထားပြီးအမှုတွေ၊ စစ်ဆေးဆဲအမှုတွေနဲ့ ဆုံးဖြတ်ချက်ချပြီးကိစ္စတွေကိုတော့ တိုင်တန်းတာတွေ မလုပ်ဖို့ ပန်ကြားထားပါတယ်။ ပြည်တွေထံက လက်ခံရရှိတဲ့ စာတွေကို ပေါက်ကြားမှုမရှိအောင် စီစဉ်ထားပြီး စိုးရိမ်ပူပန်မှုကင်းစွာ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က“အဂတိလိုက်စားမှုရှိရင် ပြည်သူပြည်သားများ ဟာ ပွင့်ပွင့်လင်းလင်းသတ္တိရှိရှိနဲ့ တိုင်လို့ရပါတယ်။ ဒီကိစ္စကို အစိုးရပိုင်း၊ ဌာနပိုင်းဆိုင်ရာ ကို အသိပေးလို့ရပါတယ်။ ဒီလိုအသိပေးလို့ ဘာမှကိုယ့်အတွက် အန္တရာယ်မရှိဘူး ဆိုတာကို ကျွန်မအနေနဲ့ အာမခံချက်ပေးပါတယ်။ သို့သော်ငြားလည်း ပစ်စာတွေကို အားပေးတာမဟုတ်ပါဘူး။ တိုင်ရဲရင်တာဝန်ခံရဲရမယ်။ ကျွန်တော်ဘယ်သူပါ၊ ကျွန်မ ဘယ်သူပါ၊ ကျွန်မတို့ အမျိုးသားမှတ်ပုံတင်က ဘယ်လောက်ပါ၊ ဘယ်လိုအဂတိ လိုက်စားမှုနဲ့ ကြုံတွေ့ရပါတယ်ဆိုတဲ့ သက်ဆိုင်ရာဌာနများ၊ ကျွန်မတို့ဝန်ကြီးဌာန ဖြစ်တဲ့ အတိုင်ပင်ခံဝန်ကြီးဌာနရုံးကိုရေးလို့ရပါတယ်။”လို့ ပြီးခဲ့တဲ့လကကျင်းပတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်များနဲ့ တွေ့ဆုံပွဲမျာ ပြောကြားထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ထံ အွန်လိုင်းက တင်ပြစာပေးပို့ရာမှာ ဖုန်းနံပတ်ကိုမှန်ကန်စွာဖြည့်စွက်ပြီး  SMS Verification ပြုလုပ်ဖို့လိုအပ်မှာဖြစ်ပြီး   လုပ်ဆောင်ရမယ့် အဆင့်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အဆင့် (၁) http://www.statecounsellor.gov.mm/ ကို ဖွင့်လိုက်ပါ။ (မိုဘိုင်းဖုန်းဖြင့် ဖြစ်စေ၊ အခြားကွန်ပျူတာဖြင့် ဖြစ်စေ ဖွင့်လှစ်ရန်) အဆင့် (၂) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံပေးစာ (စာအိတ်ပုံအမှတ်အသား) ကို နှိပ်လိုက်ပါ။ အဆင့် (၃) ပေးစာကဏ္ဍအတွက် ဖြည့်သွင်းရမည့် အချက်အလက်များ ဖြည့်သွင်းရန် Box ပေါ်လာပါမည်။ အမည်၊ အီးမေးလ်လိပ်စာ၊ တိုင်းဒေသကြီး/ပြည်နယ်၊ စာအမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ ဖုန်းနံပတ်၊ ခေါင်းစဉ်၊ အကြောင်းအရာ၊ စာတွဲ (တွဲရန်ရှိလျှင်) စသည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပါ။ (ဖုန်းနံပါတ် နေရာတွင် သင့်ဖုန်းထံသို့ SMS ပေးပို့မည်ဖြစ်ပါသဖြင့် သင် လက်ရှိအသုံးပြုနေသည့် မိုဘိုင်းဖုန်းကိုသာ ဖြည့်စွက်ရန်နှင့် MPT အသုံးပြုပါက ၀၉ မှစဖြည့်ရန် (+9509)နှင့် Ooredoo/ Telonor အသုံးပြုပါက ၉ မှ စဖြည့်ရန် (+959)) အချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မည်။ အထူးသဖြင့် မိုဘိုင်းဖုန်းနံပတ် မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။ ယင်းနေရာတွင် ဖြည့်သွင်းသော မိုဘိုင်းဖုန်းသို့ SMS Code ပေးပို့မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ နောက်တစ်ဆင့်တွင် အဆိုပါ ပေးပို့လာသော Code နံပါတ် ဖြည့်သွင်းရမည် ဖြစ်ပါသည်။ အဆင့် (၄) သင့်မိုဘိုင်းဖုန်းသို့ Verification Code နံပါတ်ပါသော SMS ၀င်လာမည်။ (မိုဘိုင်းဖုန်းနံပတ် မှားယွင်း ဖြည့်သွင်းထားပါက ပေးပို့သော SMS Code ရရှိမည် မဟုတ်ပါ) အဆင့် (၅) သင့်မိုဘိုင်းဖုန်းတွင် ဝင်ရောက်လာသော ကုဒ်နံပါတ် ကို ဖြည့်စွက်၍ ပြန်လည်ပေးပို့ပါ။ အဆင့် (၆) လုပ်ဆောင်ချက်များ အားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်များ ပြီးစီးသွားပါပြီ။ ပေးပို့တဲ့စာနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဆက်လက် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024