Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်သမ္မတနှင့်တွေ့ဆုံ
DVB
·
November 2, 2016
တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး စစ်ဘက်ဆိုင်ရာနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တရုတ်သမ္မတကို သွားရောက်တွေ့ဆုံခဲ့တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒီလို တွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေရာ အောင်မြင်မှုတွေ ရရှိသကဲ့သို့ စိန်ခေါ်မှုတွေလည်း ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ တည်ငြိမ်အေးချမ်းမှု ရရှိခဲ့ပေမယ့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခ လုံးဝ ချုပ်ငြိမ်းရေး ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ တရုတ်သမ္မတကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်။ နိုင်ငံချင်း၊ အစိုးရချင်း၊ ပါတီချင်း၊ တပ်မတော်ချင်း ဆက်ဆံရေး မြှင့်တင်ခြင်းဖြင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားဖို့ ဆွေးနွေးပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ သမ္မတရှီကျင့်ဖျင်ကတော့ မြန်မာကာကွယ်ရေးဦးစီးချုပ်ရဲ့ ယခုခရီးစဉ်ဟာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကြောင့် အကျိုးရှိတဲ့ ခရီးစဉ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား နက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ပိုမိုတိုးတက်ရေးကိုလည်း လိုလားသလို တပ်မတော်နှစ်ရပ်အကြားမှာလည်း ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းတွေ ပိုမို တိုးတက်ခိုင်မာလာမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီးနောက် တရုတ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဇူကွီလီယန်းနဲ့လည်း တွေ့ဆုံပြီး တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်တွေ၊ အဆင့်အလိုက် အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့၊ လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စတဲ့ နယ်ပယ်စုံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024