Live
Home
မြန်မာသတင်း
တောင်ကြီးမီးပုံးပျံကွင်း ပွဲကြည့်စင်ဆောက်လုပ်မှု ကန့်ကွက်ဆန္ဒပြ
နန်းမြနဒီ
·
November 1, 2016
  ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရိုးရာမီးပုံးပျံပြိုင်ပွဲကို ကြည့်ဖို့ စီးပွားရေးသမားတွေက ပွဲကြည့်စင်ဆောက်လုပ်ငှားစားမယ့် အစီအစဉ်ကို ဒေသခံတွေက လက်မခံပဲ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အရပ်ဖက်လူမှုအခြေပြုအဖွဲ့နဲ့ နိုင်ငံရေးပါတီဝင်တချို့ ပါဝင်တဲ့ လူပေါင်း ၅၀ ကျော် လောက်ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ပိုစတာတွေကိုင်ဆောင်ပြီး မီးပုံးပျံကွင်းမှာ သွားရောက် ဆန္ဒပြခဲ့ကြတာပါ။ နှစ်စဉ်မီးပုံးပျံပြိုင်ပွဲကို အခမဲ့ကြည့်ရှုအားပေးတဲ့နေရာမှာ ရိုးရာပွဲတော်ကို အကြောင်းပြပြီး စီးပွါးရေးသမားတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်မှာကို မလိုလားလို့ ဆန္ဒပြရတာလို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ဦးတင်မောင်တိုးက ပြောပါတယ်။ “ဆန္ဒပြရတဲ့အကြောင်းရင်းကတော့ နံပါတ် ၁ က သူတို့ဆောက်ထားတဲ့နေရာကလေ အများပြည်သူက မီးပုံးပျံပွဲကို ရပ်ပြီးကြည့်တဲ့နေရာ၊ တကယ့်နေရာကြီးပေါ့နော်၊ သူတို့က အဲဒီနေရာကြီးကို ခြံခတ်ပြီးတော့မှ ပွဲကြည့်စင်တွေ ဆောက်ပြီးတော့မှ ငှားစားမလို့လုပ်တာလေ၊ ပွဲလာကြည့်တဲ့လူတွေအတွက် နေစရာမရှိသလောက်ဖြစ်သွားတာလေ၊ နံပါတ် ၂ က မီးပုံးပျံပြိုင်ပွဲ ကို ပြိုင်ပွဲဝင်သူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ်လုပ်တာ၊ သူတို့မှာ ငွေတွေ သိန်းလေးငါးဆယ် ရင်းရတယ်။ အသက်အန္တရာယ်နဲ့လည်း နီးတယ်။ အဲလိုလုပ်ရတာကို စီးပွားရေးသမားတွေ ကလာပြီး ခေါင်းပုံဖြတ်တာ၊ မီးပုံးပျံသမားတွေက  ဘာအကျိုးကျေးဇူးမှမခံရဘဲ သူတို့က အမြတ် လာထုတ်တာ၊ နံပါတ် ၃ က အဲဒီပွဲကြည့်စင်တွေက မီးပုံးပျံကွင်းနဲ့ တဆက်တည်းဘဲ၊ မီးပုံးပျံ သွားတဲ့လမ်းကြောင်းဘဲ၊  မီးပုံးပျံပြုတ်ကျလာရင် အန္တရာယ် အများကြီးရှိနိုင်တယ်။ အဓိက အဲဒါတွေကြောင့်ပါ။” အဆိုပါ မီးပုံးပျံပွဲကြည့်စင်ကို ချယ်ရီကွင်းဟိုတယ်အုပ်စုက တာဝန်ယူတည်ဆောက်နေ တာဖြစ်ပြီး ခုလိုကန့်ကွက်နေတဲ့သူတွေကို ဘာမှ လာပြောတာမရှိပေမယ့် ပြည်နယ်အစိုးရနဲ့ ထပ်မံညှိနှိုင်းနေကြောင်း သိရပါတယ်။ ချယ်ရီ ကွင်းဟိုတယ် အမှုဆောင် ဦးစိုးလင်းကတော့ သူတို့ အနေနဲ့ ပွဲကြည့်တဲ့သူတွေ အဆင်ပြေအောင် စီစဉ်ရတာဖြစ်ပြီး လောလောဆယ် ခရီးသွားနေလို့ ကန့်ကွက်တဲ့ကိစ္စကို မသိရဘူးလို့ပြောပါတယ်။ ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင်စားတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတော်ကို ဒီနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) ထိ ကျင်းပသွားမှာဖြစ်ပြီး မီးပုံးပျံ အလုံးပေါင်း ၄၀၀ ကျော် လွှတ်တင်ဖို့ရှိနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024