Home
မေးမြန်းခန်း
၂၈ နှစ်အတွင်း ABSDF တပ်ဖွဲ့ဝင် ၇၄၀ ကျဆုံး ၄၀၀ ဦးဒဏ်ရာရ - မိဆူးပွင့် (ဗဟိုဦးဆောင်ကော်မတီဝင်)
နော်နိုရင်း
·
November 1, 2016
  ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ဟာ ကျောင်းသားတပ်မတော်လို့ လူသိများတဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF ဖွဲ့စည်း တည်ထောင်ခြင်း ၂၈ နှစ်ပြည့်နေ့ဖြစ်ပါတယ်။ ဖွဲ့စည်းတည်ထောင်ခြင်း ၂၈ ပြည့်အထိမ်းအမှတ်အနေနဲ့ ဗဟိုဌာနချုပ် ဒေါင်းတမန် စခန်းမှာ အထိမ်းအမှတ် အခမ်းအနားကျင်းပသလို  မြောက်ပိုင်းက ရဲဘော်တွေလည်း အထိမ်းအမှတ်အခမ်းအနား ကျင်းပပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံပြီးတဲ့နောက်ပိုင်း ကျောင်းသားတွေ နယ်စပ်ဒေသဘက်ကို ထွက်လာပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ မကဒတကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဖွဲ့စည်းတည်ထောင်ချိန်ကစပြီး အခုချိန်ထိ တပ်ဖွဲ့ဝင် ၇၄၀ ကျဆုံးခဲ့ပြီး ၄၀၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အသက်သွေးချွေး ဘဝပေါင်းများစွာ စွန့်လွှတ်ပေးဆပ်ခဲ့ရ သူတွေအတွက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း မကဒတက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ မကဒတရဲ့ ၂၈ နှစ်ပြည့်တဲ့အထိ လုပ်ဆောင်ချက်တွေနဲ့ အနာဂတ် ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့  မကဒတ ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ ဒီကနေ့ မကဒတ ကြေညာချက်မှာ ရဲဘော်  ၇၄၀ ကျဆုံးခဲ့ပြီး ၄၀၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားတယ်။ အဲဒါ ဘယ်ခုနှစ်ကနေ ဘယ်ကာလအထိ ပြောတာလဲ။ “၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံပြီးတဲ့အချိန်မှာ ကျောင်းသားတွေ ဦးဆောင်ပြီး နယ်စပ်ကို ထွက်လာကြတယ်။ အဲဒီအချိန်ကစပြီး ABSDF စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်ပေါ့နော်။ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ABSDF ဆိုတာကို ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲဒီမှာပဲ စစ်သင်တန်းတွေ တက်ပြီးတော့မှ မဟာမိတ်နယ်မြေတွေမှာ မဟာမိတ်တွေနဲ့အတူတူ ထိုးစစ်တွေကို ကြံ့ကြံ့ခံပြီးတော့ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီကာလကနေ အခုထက်ထိ ABSDF အဖွဲ့ဝင်အဖြစ် ရှေ့တန်းတွေမှာ ကျသွားတာတွေ၊ ရန်သူ အဖမ်းခံထိပြီးတော့ သတ်ဖြတ်ခံလိုက်ရတဲ့သူတွေ၊ ဒီနယ်စပ်ဒေသ တောထဲ တောင်ထဲမှာပဲ ရောဂါဘယတွေ ဖြစ်ပြီးတော့ ကွယ်လွန်ခဲ့ကြတဲ့ လူတွေ၊ ရေနစ်တာတို့၊ တာဝန်အရ သွားရင်းလာရင်းနဲ့ မတော်တဆမှုတွေနဲ့ သေဆုံးခဲ့ရတဲ့ ရဲဘော်တွေအားလုံးပေါ့နော်။ ဒီ ၂၈ နှစ်အတွင်းမှာ ကျဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာတော့ တချို့ရဲဘော်တွေ ABSDF တပ်ဖွဲ့ဝင်အဖြစ် ထွက်သွားပြီးမှ နောက်ပိုင်းမှာမှ ကွယ်လွန်သွားတဲ့ ရဲဘော်တွေရဲ့ စာရင်းမပါဘူးပေါ့။” စတင်တည်ထောင်ခဲ့တဲ့ချိန်ကနေ ခုလို  ၂၈ နှစ် ကြာတဲ့အချိန်မှာ စတင်တည်ထောင်ခဲ့စဉ်က   ရည်မှန်းချက်တွေ ဘယ်လောက် ပေါက်မြောက် အောင်မြင်တယ်လို့ ပြောလို့ရမလဲ။ “ပြောရမယ် ဆိုရင်တော့ လတ်တလောအနေအထားမှာ ABSDF က ရှစ်လေးလုံး အရေးတော်ပုံကနေစပြီးမှ နယ်စပ်ကို ထွက်လာပြီး လက်နက်ကိုင်ဆွဲပြီးတော့ စစ်အာဏာရှင် စနစ်ကို တိုက်ပွဲဝင်မယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့အချိန်က စပြီးတော့ နောက်ထပ် ABSDF ရဲ့ ရည်မှန်းချက်ပန်းတိုင်တခုဖြစ်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့။  ဒီမိုကရေစီရရှိရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ဟာက ဒီရည်မှန်းချက် ပန်းတိုင်ပေါ်မှာ လျှောက်လှမ်းပြီးတော့ ၂၈ နှစ်တာကာလမှာ မပျက်စီးသွားအောင်၊ အဖွဲ့အစည်းကို ဖျက်သိမ်းလိုက်ရတဲ့ အနေအထားမျိုး မရောက်အောင် ခေါင်းဆောင်တွေက ကြိုးစားရုန်းကန်ပြီးတော့ ဒီနေ့ ၂၈ နှစ်တာကာလကို ရောက်ရှိလာတာပေါ့။ ဒီအနေအထားမှာ အခုနောက်ဆုံး အနေအထားကတော့ ဘာပဲပြောပြော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ အန်စီအေကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာရေးအတွက် ABSDF က တကယ့် တက်တက်ကြွကြွနဲ့ ပါဝင်ပြီးတော့ ကြိုးစားရပ်တည်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် အကောင်းဆုံးကြိုးစားနေတဲ့အချိန်လို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ ဒီလို အခွင့်အလမ်းမျိုးရဖို့ ဆိုတာလည်း ၂၈ နှစ်မှာ ဒီတကြိမ်မှ ပထမဦးဆုံး ရတာပါ။” “ဘာဖြစ်လို့လဲဆိုတော့ တောက်လျှောက်ပဲ စစ်အစိုးရ အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ တန်းတူညီတူ သဘောထားပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ စိတ်ဆန္ဒတွေ မရှိခဲ့ဘူး။ စိတ်ရင်းစေတနာတွေ မရှိခဲ့ကြဘူး။ ဒီအနေအထားတွေမှာ တောက်လျှောက် တိုက်ပွဲတွေနဲ့ပဲ ABSDF က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ဖြတ်သန်းခဲ့တယ်။ ဒီအခြေအနေမှာကတော့ အန်စီအေ ဆိုတဲ့ အခွင့်အလမ်းရအောင်ယူပြီး အခုဆိုရင်လည်း လူထု ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရသစ် တက်လာတယ်။ တဖက်မှာ စစ်တပ်အနေအထားကတော့ အများကြီး ခိုင်မာနေသေးတယ်။ သို့သော်လည်း ဒီအနေအထားမှာကို စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်လာဖို့၊ အားလုံးပါဝင်ရေးကိုလည်း ABSDF က မျက်ခြည်ပြတ်မခံဘဲနဲ့ ဆက်ကြိုးစားသွားဖို့၊ ဒီလို ရည်မှန်းချက်တွေနဲ့ ရှေ့ကနေ သွားနေပါတယ်လို့။” အန်စီအေလည်း လက်မှတ်ထိုးထားပြီး စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုတော့ ဒီအခြေအနေအရ ဒီမျက်မှောက်ခေတ် ကာလအနေအထားမှာ ကျောင်းသားတပ်မတော်ဆိုတာ လိုအပ်နေသေးလား။ “အဓိကကတော့ ABSDF ရဲ့ ရည်မှန်းချက်တွေထဲမှာ ဒီမိုကရေစီရရှိရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ ရည်မှန်းချက်ရောက်တဲ့အထိ ABSDF ကတော့ ဆက်ရှိနေရမယ်။ ABSDF က  ဒီအခန်းကဏ္ဍမှာ နိုင်ငံရေးအရ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့အတွက် အများကြီး ကြိုးစားရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒါကြောင့်မို့လို့ ABSDF က လိုအပ်ရုံတင်မကဘူး။ ABSDF ရဲ့ လမ်းစဉ်မူဝါဒတွေကို ယုံကြည်တဲ့ ရဲဘော်ဟောင်းတွေ၊ ရဲဘော်သစ်တွေ အများကြီးတောင်မှ ABSDF မှာ ပါဝင်လာပြီးတော့ လက်တွဲပံ့ပိုးကြဖို့ လိုနေတဲ့အချိန် ဖြစ်တယ်လို့ ကျမအနေနဲ့ ပြောချင်တယ်။” ABSDF အနေနဲ့ လက်ရှိ မြန်မာပြည် အပြောင်းအလဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပြင် တခြားဘယ်လို အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ဖို့ရှိလဲ။ “အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စုအတွက်ပေါ့။ အခုဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ စလုပ်တဲ့နေရာမှာ ကေအန်ယူ ဆိုရင် ကရင်ပြည်နယ်အတွင်း၊ ကရင်လူမျိုး နေထိုင်တဲ့ဒေသတွေမှာ လိုက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သလို တခြားလူမျိုးတွေအသီးသီး ကိုယ့်လူမျိုးတွေ ရှိတဲ့နေရာမှာ လုပ်ဆောင်ဖို့ ကြိုးစားနေတာနဲ့ တပြိုင်နက်တည်းမှာ ကျမတို့ ABSDF အနေနဲ့ကလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံမှာရှိတဲ့ လူထုတရပ်လုံးပေါ့နော်၊ နိုင်ငံရေး တက်ကြွတဲ့ လူထုတွေနဲ့ ကြားထဲမှာ ဒီမူဝါဒပေါ်လစီတွေ၊ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေ တူညီအောင် ထိန်းညှိနိုင်အောင်၊ အားလုံး အတူတကွ လက်တွဲသွားနိုင်မယ့် ပြည်ထောင်စု နိုင်ငံတော်တခု ပေါ်ထွက်လာအောင်ပေါ့နော်။ မူဝါဒပေါ်လစီတွေ ချမှတ်တဲ့နေရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လိုက်လံလုပ်ဆောင်သွားပြီးတော့ အကောင်းဆုံးအဖြေတွေ ရယူသွားဖို့ အဲဒါတွေ ကျမတို့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။” “ABSDF သည် လူမျိုးတမျိုးကို အခြေမခံဘူး။ နေရာဒေသတခုပေါ်မှာ အခြေမခံဘူး။ ဒီအခြေခံအားကောင်းချက်အပေါ်မှာ အခြေပြုပြီးတော့မှ ကျမတို့က မြန်မာပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အားလုံး အတူတကွ နေထိုင်နိုင်တဲ့ ဖယ်ဒရယ်စနစ်ကို ထူထောင်နိုင်ဖို့ ဆိုတဲ့နေရာမှာ ဒါကို အားကောင်းချက်အဖြစ် အသုံးချပြီးတော့ ကျမတို့အားလုံး အတူတကွ နေနိုင်မယ့် အနာဂတ်ကို တည်ဆောက်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားတယ်ပေါ့နော်။ ဒီလို အခြေအနေတွေက ကျမတို့ ၂၈ နှစ်တာကာလမှာ အရေးကြီးဆုံး အခြေအနေကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အခွင့်အလမ်းကို လက်လွှတ်လို့ မရသလို ဒီအခွင့်အလမ်းကို ဆုပ်ကိုင်ပြီးတော့မှ အကောင်းဆုံး အဖြေရှာနိုင်အောင် ဆက်သွားဖို့ ဆိုတာကလည်း ကျမတို့ အင်အားတွေ အများကြီးရှိဖို့ လိုနေတယ်။ အများကြီး ပိုပြီးအားထုတ်ဖို့ လိုနေတဲ့အချိန် ဖြစ်တယ်။ ပိုပြီး စည်းလုံးညီညွတ်ဖို့ လိုနေတဲ့အချိန် ဖြစ်တယ်လို့ ကျမ ပြောချင်တယ်။” ၂၈ နှစ်လုံးလုံးမှာလည်း တပ်ဖွဲ့ဝင်တွေ ပေးဆပ်လာခဲ့တာတွေ ရှိတယ်။ ဆိုတော့ လောလောဆယ်ရှိနေတဲ့ ABSDF နဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေရဲ့ အနာဂတ်အတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ရှိလဲ။ သူတို့ရဲ့ အနာဂတ်က ဘာတွေရှိမလဲ။ “အဖွဲ့အစည်းတခုအနေနဲ့ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်အောင်မြင်မြင် တဆင့်ပြီးတဆင့် တိုးတက်လာတာနဲ့အမျှ ရဲဘော်တွေရဲ့ နေထိုင်ရေး၊ ရဲဘော်တွေရဲ့ ပြန်လည်နေရာချထားရေး၊ ရဲဘော်တွေရဲ့ အလုပ်အကိုင်ရရှိရေး ဒီအခြေအနေတွေပေါ်မှာ တဖြည်းဖြည်းချင်းတော့ စဉ်းစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ကျမတို့ ABSDF ဦးဆောင်ကော်မတီကလည်း ဘယ်လိုမူဝါဒတွေနဲ့ အကောင်းဆုံး စနစ်တကျ လုပ်ရမလဲ ဆိုတာကို ဆွေးနွေးမှုတွေတော့ ရှိပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ လက်နက်ကိုင်တပ်တွေရဲ့ အနေအထားတွေပေါ်မှာ အများကြီး အခြေခံမှာဖြစ်တဲ့အတွက် လောလောဆယ်ကတော့ ကိုယ့်ရဲဘော်တွေရဲ့ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုအပေါ်မှာ ထားတဲ့ စိတ်အားထက်သန်မှု၊ ယုံကြည်မှုတွေ ကျမသွားအောင် အားထုတ်နေရတဲ့အချိန်လို့ပဲ ပြောချင်ပါတယ်။” ပန်းတိုင်ရောက်ဖို့ ဘယ်လောက်ဝေးသေးတယ်လို့ ပြောလို့ရမလဲ။ “ကျမတို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို အခြေခံပြီးတော့မှ စဉ်းစားတဲ့ပေါ်မှာတော့ ၃ နှစ်ကနေ ၅ နှစ်ဆိုတဲ့ ကာလပေါ့နော်။ ကျမတို့ ဖြတ်သန်းရမယ့်အချိန်ပေါ့၊ အဲဒီအချိန်လောက် အထိက ကျမတို့ အင်အားတွေ သေချာဆက်ရှိနေဖို့အတွက် အဓိကဦးတည်ပြီး ပိုပြီး ကြိုးစားနေကြပါတယ်။” လက်ရှိ အန်အယ်လ်ဒီ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုမှာ စစ်မှန်တဲ့ ရေရှည်ငြိမ်းချမ်းရေးရဖို့  ဘာတွေ အားနည်းချက်ရှိနေတယ်လို့ ထောက်ပြချင်လဲ။ “လက်ရှိအနေအထားမှာ အားလုံးကလည်း ထင်သာမြင်သာ တွေ့နေရသလိုပဲ ၂၁ ရာစု ပင်လုံအပြီးမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ ကိစ္စတွေပေါ့နော်။ ဒီအပေါ်မှာ စိုးရိမ်မှုတွေ အများကြီး ရှိတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နောက်ပြန်လှန်သွားနိုင်တဲ့အထိ မဖြစ်သွားဖို့ အတွက် ကျမတို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်နေတဲ့ အနေအထားမျိုး ရှိတာပေါ့။ နောက်တခု အရေးကြီးဆုံးကတော့  နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျမတို့ လက်လွတ်ခံလို့ မဖြစ်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိတာနဲ့ တပြိုင်နက်မှာ တိုက်ပွဲတွေ လျော့ကို လျော့ကျသွားစေရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျမတို့ ဆက်သွားနေတာဖြစ်တယ်။ ဒီအနေအထားမှာ အစိုးရသစ်အနေနဲ့ကလည်း တပ်မတော်နဲ့ ဆက်ဆံရေးကို ချိန်ညှိပြီးတော့ သွားနေရတဲ့ အနေအထားတခုတော့ ရှိတယ်လို့ ကျမတို့ မြင်တယ်။ သို့သော်လည်း ဒီအနေအထားပေါ်မှာ အားလုံး အတူတကွ ကျော်ဖြတ်နိုင်ဖို့အတွက် အာရုံစိုက်နေတဲ့ အနေအထားတွေ ရှိတယ်။ တပ်မတော်အပိုင်းကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကနေပြီးတော့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အခြေခံအကြောင်းအရင်းကို နားလည်အောင် ကြိုးစားပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အကောင်းဆုံး ပါဝင်ဖို့အတွက် အာရုံ စူးစိုက်ပေးစေချင်တယ်။” “ဘာဖြစ်လို့လဲဆိုတော့ ၂၁ ပင်လုံမှာ တိုင်းရင်းသားတွေရဲ့ အမြင်သဘောထားတွေ ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ လူထုတရပ်လုံး မြင်တွေ့နိုင်အောင်၊ နားထောင်နိုင်အောင်၊ နှိုင်းယှဉ်စဉ်းစားသုံးသပ်နိုင်အောင် ၂၁ ရာစုပင်လုံကို လုပ်ပေးလိုက်တဲ့အပေါ်မှာ တပ်မတော်ဘက်ကလည်း ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပိုပြီး သတိထား ဆက်ဆံလာတယ်ဆိုတဲ့ အပိုင်းမျိုးတွေ ကျမတို့ တွေ့နေရတာရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့နိုင်ငံဟာ သမိုင်းကြောင်းအရကို တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးပြဿနာ၊ လိုလားချက်တွေကို မဖြည့်ဆည်းပေးနိုင်လို့ ပြည်တွင်းစစ်က နှစ် ၆၀ ကျော် ဖြစ်ခဲ့ပြီပေါ့နော်။ ဒီလို အနှစ် ၆၀ ကျော်ပြည်တွင်းစစ်ကို အစိုးရသစ်လက်ထဲမှာ ကျမတို့အားလုံးက အမြစ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒနဲ့အတူ ပါဝင်လုပ်ဆောင်ကြဖို့ လိုတယ်လို့ မြင်တယ်။” “ဒီလိုပဲ တပ်မတော်ဘက်ကိုလည်း ကျမအနေနဲ့ အားပေးချင်တယ်။ ကျမတို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတာကို ယုံယုံကြည်ကြည်လုပ်ပါ။ စိုးရိမ်မှုတွေနဲ့ ပိတ်ပင်တဲ့ကိစ္စတွေ၊ တားမြစ်တဲ့ကိစ္စတွေ ဒီလိုကိစ္စမျိုးတွေက တိုက်ပွဲအရှိန်ကို ပိုပြီးတော့ မြှင့်တင်လုပ်လာတဲ့ ကိစ္စတွေက နိုင်ငံရေး ဆွေးနွေးပွဲကို အားလျော့စေတယ်။ ယုံကြည်မှုကို အားလျော့စေတယ်။ အထူးသဖြင့် လူထုရဲ့ ယုံကြည်မှုကို ပြက်ရယ်ပြုနေသလို ဖြစ်တယ်။ ကျမတို့ ယုံယုံကြည်ကြည်သွားနေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ အနေအထားကလည်း ဒီလိုတိုက်ပွဲတွေ အရမ်းဖြစ်လာတဲ့အချိန်မှာ အများကြီးပဲ စိတ်ပူစရာတွေ၊ စိုးရိမ်စရာတွေ ဖြစ်လာတယ်ပေါ့နော်။ အဓိကကျနေတာကတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်ရဲ့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှု ဒါတွေအားလုံးကို ဖြေရှင်းနိုင်ဖို့ဆိုရင် ကျမတို့က နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ လမ်းကြောင်းက ပွင့်နေပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အောင်အောင်မြင်မြင် ထိန်းထိန်းသိမ်းသိမ်း သွားနိုင်ဖို့အတွက်ကတော့ ကျမတို့အားလုံး ၀ိုင်းပြီး တာဝန်ယူရမယ်လို့ ကျမအနေနဲ့  ဒီလိုပဲ ပြောချင်ပါတယ်။” အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024