အစိုးရတပ် ပေါ်တာများကို စစ်ဝတ်စုံ ဝတ်ခိုင်း
DVB
·
November 4, 2011
ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်)ကို မြန်မာအစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေရာမှာ ပေါ်တာတွေကို စစ်ဝတ်စုံ ဝတ်ခိုင်းကာ ချီတက်နေတယ်လို့ ကေအိုင်အေ စစ်ကြောင်းမှူး လဖိုင်လနူးက ပြောပါတယ်။
ကေအိုင်အေကို မြန်မာအစိုးရတပ်တွေက ပြီးခဲ့တဲ့ လဆန်းပိုင်းကတည်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ သိသိသာသာ လုပ်လာခဲ့တဲ့တချိန်တည်းမှာပဲ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်မှာ အရပ်သားတွေကို ပေါ်တာအထမ်းသမားအဖြစ် အတင်းအဓမ္မဆွဲနေတာပါ။
အစောပိုင်းကတော့ အရပ်ဝတ်နဲ့သာ ရိက္ခာနဲ့ ခဲယမ်းကျည်ဆန်တွေ သယ်ခိုင်းနေရာမှ အခုအခါ စစ်ဝတ်စုံတွေ ဝတ်ခိုင်းကာ စစ်ကြောင်းနဲ့ အတူ ချီတက်နေတယ်လို့ ဆိုပါတယ်။
ပေါ်တာတွေနဲ့ စစ်သားတွေ ရောပြီး ချီတက်လာနေလို့ အစိုးရ စစ်ကြောင်းတွေဘက်က ထိခိုက်ကျဆုံးမှုတွေလည်း အများအပြား ရှိနေကြောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် ဘက်ကနေ ချီတက်လာတဲ့ စစ်ကြောင်းတွေကို မြစ်ကြီးနား-လိုင်ဇာ လမ်းပေါ်ရှိ ဂါးဒါးယန် ဒေသအတွင်း ခုခံတိုက်ခိုက်နေတဲ့ စစ်ကြောင်းမှူး လဖိုင်လနူးက ပြောပါတယ်။
“အခုက ပေါ်တာတွေလည်း စစ်ဝတ်ဝတ်ပြီးမှ ကျနော်တို့ကို တိုက်တယ်လေ။ အဲလိုမျိုးဖြစ်တယ်။ အခုအချိန်မှာ။ သူတို့ စစ်တပ် ၅ဝ လောက်ပါရင် ပေါ်တာက ၅ဝ လောက်လေ၊ အဲလို ဝတ်စုံဝတ်ပေးတာ။ သေတာပေါ့ အခုအချိန်မှာ။ ကျနော်နဲ့ ရင်ခွဲတောင်မှာ ဖြစ်တာ ၁ဝဝ လောက် ထိခိုက်သွားတယ်။”
ပေါ်တာတွေကို စစ်ဝတ် ဝတ်ခိုင်းစေဖြင်းဖြင့် စစ်ကြောင်းမှာ အင်အားများသယောင် အသွင်ဆောင်နိုင်သလို အဲဒီစစ်ဝတ် ဝတ်ထားတဲ့ ပေါ်တာတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရစစ်ကြောင်းတွေနဲ့အတူ ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးအခြေစိုက် တန်ဂူးတန် ဦးဆောင်တဲ့ ရဝမ်ပြည်သူ့စစ်အဖွဲ့တွေကိုလည်း အသုံးပြုနေတယ်လို့ ကေအိုင်အေစစ်ကြောင်းမှူး လဖိုင်လနူးက ပြောပါတယ်။
“အခုဒီမှာ စစ်တိုက်တော့ ရဝမ်များတယ်။ ရဝမ် ၁ဝဝ လောက်ပါတယ်။ သူတို့စစ်သားယူနီဖောင်းဝတ်တာပေါ့။ ဘယ်လိုပြောနိုင်မလဲ သူတို့က နယ်ခြားစောင့်ဆိုတော့။”
ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်တွေနဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် စကခ လက်အောက်ခံတပ်တွေ စစ်ကြောင်းထွက်ရာမှာ ရုံးအဖွဲ့ အပါအဝင် အင်အား အများဆုံး ၁ဝဝ နီးပါသာ ဆွဲထုတ်ခေါ်ယူနိုင်ကြောင်း၊ အခုအခါ တပ်မ ၈၈၊ တပ်မ ၃၃ အပါအဝင် တပ်မလက်အောက်ခံတပ်တွေကို ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ မိုးညှင်းနဲ့ ဗန်းမော်ကို ပို့ဆောင် အင်အားဖြည့်တင်းနေရတယ်လို့ စစ်ဘက်သတင်းအရ သိရပါတယ်။