Home
မြန်မာသတင်း
မဟာချိုင်ရှိ ကြက်သားစက်ရုံ ဂက်စ်ပိုက်ပေါက်၊ မြန်မာ ၅၀ ကျော် ဆေးရုံတင်ကုသခဲ့ရ
DVB
·
October 30, 2016
ထိုင်းနိုင်ငံ၊ မဟာချိုင်က မြန်မာ ၃၀၀ ကျော် အလုပ်လုပ်နေကြတဲ့ ကြက်သားစက်ရုံတခုမှာ ဂက်စ်ပိုက်ပေါက်ခဲ့လို့ စက်ရုံအလုပ်သမား ၅၀ ကျော် ဆေးရုံတင်လိုက်ရပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီင်္ (အေအေစီ) က ကိုရဲမင်းက ဂက်စ်ပိုက်ပေါက်ပြီး ဓာတ်ငွေ့ရှူမိတဲ့ အလုပ်သမားတွေ မူးမေ့ပြီး လဲကျကုန်လို့ ဆေးရုံတင်လိုက်ရတာလို့ ပြောပါတယ်။ “မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာဖြစ်တာ၊ ကြက်သားရုံက ဂက်စ်ပိုက်လိုင်းပေါက်ပြီး ဂက်စ်အနံ့ ရှူမိတဲ့ မိန်းကလေးတွေ မူးမေ့ပြီး လဲကျကုန်တာ။ ကြက်သားပါကင်ပိတ်တဲ့အခန်းမှာဖြစ်တာ။ အဲ့ဒီမှာ မြန်မာအလုပ်သမား ၇၀ ကျော်ရှိတယ်၊ ထိုင်းက လေးငါးခြောက်ဦးလောက်ရှိတယ်၊ ဆေးရုံပို့လိုက်ရတာ ၅၀ ကျော်တယ်။ ထိုင်း ၄-၅ ဦးလည်း ပါတယ်။” ဒီနေ့မှာတော့ အသက်ရှူကျပ်နေကြတဲ့ ၅ ဦးလောက်ပဲ ဆေးရုံပေါ်ကျန်ရှိပြီး ကျန်တဲ့သူတွေ ဆေးရုံက ဆင်းသွားကြပြီလို့လည်း ပြောပါတယ်။ ဆေးရုံတက်ကုသလိုက်ရတဲ့ မြန်မာအလုပ်သမားတွေဟာ တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့က သူတွေ အများစုဖြစ်ပြီး မဟာချိုင်က စမွတ်စာခွန်ဆေးရုံကြီးနဲ့ ဝီချိုင်းဝေ့ဆေးရုံ ၂ ခုမှာ ကုသမှုခံယူခဲ့ကြတာ ဖြစ်ပါတယ်။ မဟာချိုင်နယ်မြေ ဝက်ကံအနီးက KL ရပ်ကွက်ရှိ  intersia ကြက်သားထုတ်လုပ်တဲ့စက်ရုံမှာ ဂက်စ်ပိုက်လိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024