Home
မြန်မာသတင်း
စိတ်ကြွစိတ်ဆေးပြားများဖြင့် ဖမ်းမိခဲ့သည့် တောင်ကိုရီးယား စကားပြန်ကို ထပ်မံဖမ်းဆီး
DVB
·
October 29, 2016
စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသားရဲ့ စကားပြန်ဖြစ်သူကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ တောင်ငူရဲစခန်းက ပြောပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က တောင်ငူအမှတ် (၂) နယ်မြေရဲစခန်းက မူး/စိတ် ပုဒ်မ -၁၅/၁၉(က) တို့နဲ့ အမှုဖွင့်လှစ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံသား Mr. Lee Sang Beom ရဲ့စကားပြန်ဖြစ်သူ တောင်ငူမြို့၊ မင်းကြီးညို (၂၃) ရပ်ကွက်၊ ဂါမဏိလမ်းနေ မအေးချမ်းပွင့် (ခ) ချမ်းလင်း ၂၃ နှစ်ကို မနေ့က ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ် တင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့က အမှုကွင်းဆက်တရားခံတွေ ပေါ်ပေါက်ဖို့အတွက်Mr. Lee Sang Beom ကို တခြားကိုရီးယားစကားပြန်နဲ့ထပ်ပြီး စစ်ဆေးမေးမြန်းတော့ အခင်းဖြစ်တဲ့နေ့က ကားပေါ်မှာ တွေ့ရတဲ့ ဆေးပြားတွေထည့်ထားတဲ့ အိတ်အမဲရောင်ဟာ သူ့ရဲ့စကားပြန်ဖြစ်တဲ့ မအေးချမ်းပွင့် ကားပေါ်တက်စဉ်မှာ ယူလာတဲ့အိတ်ဖြစ်ပြီး ကားနောက်ခန်းကို ပစ်တင်လိုက်တာလို့ ပြောဆိုအစစ်ခံတဲ့အတွက် မအေးချမ်းပွင့်ကို ထပ်မံစစ်ဆေးမေးမြန်းဖို့ ဆက်သွယ်ရာမှာ ဖုန်းကိုစက်ပိတ်ထားပြီး နေအိမ်မှာလည်း ပြန်မအိပ်ဘဲ တိမ်းရှောင်နေတာကြောင့် ဒီကနေ့နေ့လယ်ပိုင်းကမှ ဖမ်းမိတာပါ။ ကိုရီးယားနိုင်ငံသားကို ဖွင့်ထားတဲ့ (ပ) နံပါတ်၊ ပုဒ်မနဲ့ပါပဲ၊ နေ့လယ်ပိုင်းကပဲ တောင်ငူတရားရုံးမှာ ရမာန်ယူတယ်၊ ပြီးတော့ ဆေးရုံမှာဆေးစစ်တယ်၊ အမှုနဲ့ပတ်သက်ပြီး အသေးစိတ်တော့ ပြောလို့မရသေးဘူး၊ စစ်ဆေးဆဲပဲ။” တောင်ငူမြို့နဲ့ အမြန်လမ်းမကြီး ဆက်သွယ်ထားတဲ့ ထီးလှိုင်ကွန်ကရစ်လမ်းမပေါ်ရှိ အမြန်လမ်း မီနီတိုးဂိတ်မှာ အောက်တိုဘာ ၁၉ ရက်နေ့က တောင်ကိုရီးယားနိုင်ငံသား မောင်းနှင်လာတဲ့ ကားတစီးပေါ်ကနေ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့သလို နေအိမ်မှာ သွားရောက်ရှာဖွေရာမှာလည်း စိတ်ကြွဆေးပြားအချို့ ထပ်မံဖမ်းဆီးမိခဲ့လို့ အမှတ် ၂ နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားတာပါ။ တောင်ကိုရီးယားနိုင်ငံသားကတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ သူ့ပစ္စည်းတွေမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ တောင်ကိုရီးယားနိုင်ငံသားဟာ တောင်ငူမြို့ကို အခုနှစ် မတ်လထဲက ရောက်ရှိနေတာဖြစ်ပြီး တောင်ငူမြို့ (၁၈) ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးမှာ ဖွင့်လှစ်ထားသော VIGEN MYANMAR အခမဲ့ ကျန်းမာရေး ပရဟိတစင်တာ (တောင်ငူ) ရုံးတာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ သားကြီး(တောင်ငူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024