ကျောက်ဖြူတွင် လေယာဉ်ပျက်ကျသည့်သတင်း မဟုတ်မှန်ဟု တာဝန်ရှိသူများပြော
DVB
·
October 28, 2016
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်းချောင်းအနားမှာ ဒီကနေ့မနက်က လေယာဉ်တစီး မြစ်ထဲ ထိုးကျတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာဟာ မဟုတ်မှန်ကြောင်း ကျောက်ဖြူရဲစခန်းက ပြောကြားလိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းနားမှာ လေယာဉ်တစီး ပျက်သွားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ကျောက်ဖြူရဲစခန်းတာဝန်ရှိသူတွေ လိုက်သွားပြီးနောက် အဲ့ဒီသတင်းက မဟုတ်မှန်ကြောင်း ကျောက်ဖြူရဲစခန်းမှ ရဲအုပ်ဝင်းလွင်က ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ အဲ့ဒီနေရာကိုရောက်နေပြီး အဲ့ဒီသတင်းကမဟုတ်ဘူးဗျ။ အဲ့ဒီမှာ ငါးဖမ်းနေတဲ့ သူတွေက စက်လှေလိုလို လေယာဉ်လိုလို မြင်လိုက်တဲ့လူတွေကပြောလိုက်တော့ အကုန်ပျံ့နှံ့ သွားတာပေါ့။ အဲ့ဒီဇင်ချောင်းကို ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေရောက်နေပြီ။ လုံးဝမဟုတ်ဘူးခင်ဗျ။ ကောလာဟလပါ။ သတင်းအမှားပါ” လို့ ပြောပါတယ်။
ဒါအပြင် လေယာဉ်ထိုးကျသွားတာနဲ့ပတ်သက်လို့ ကျောက်ဖြူလေကြောင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမြင့်သိန်းက အဲ့ဒီသတင်းက မဟုတ်မမှန်ကြောင်း ဒီဗွီဘီကို ပြောဆိုပါတယ်။
ရိုက်တာသတင်းမှာတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်အတွင်း ကို အမျိုးအမည်မသိ လေယာဉ်တစီး ပျက်ကျသွားခဲ့တယ်လို့ မြို့ပြလေကြောင်းပို့ဆောင်ရေးဦးစီး ဌာနမှ အကြီးတန်းအရာရှိတဦးရဲ့ အဆိုကို ကိုးကားပြီး ရေးသားဖော်ပြပါတယ်။
သတင်း - ဝဏ္ဏခွာညို