Home
မြန်မာသတင်း
ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာချိန် ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံ သွား
ရွှေအောင်
·
October 28, 2016
  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့မနက်ပိုင်းက တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး စတင်ထွက်ခွာသွားပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။ တရုတ်နယ်စပ်ရှိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)နဲ့ မိုင်းလား အထူးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေချိန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တခါ တပ်မတော်က ၀ တပ်ဖွဲ့အနေနဲ့ မိုင်းလားမှာတပ်စွဲထားတာကို ပြန်ရုပ်သိမ်းဖို့ ရာဇသံ ထုတ်ထားတယ်လို့ သတင်းများ ထွက်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။ မိုင်းလားတပ်ဖွဲ့ရဲ့ နိုင်ငံရေးအကြံပေး၊ စာရေးဆရာ သန်းစိုးနိုင်ကတော့ တပ်မတော်က ၀ တပ်ဖွဲ့ကို မတိုက်ဖို့ ခေါ်ယူဖျောင်းဖျတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောပါတယ်။ “မိုင်းလားမှာဖြစ်နေတဲ့ ၀ နဲ့ ကိစ္စက တပ်မတော်အနေနဲ့ ရာဇသံ ပေးထားပြီးပြီ။ ရာဇသံ ပေးထားတော့ မတိုက်လို့ရှိရင်လည်း သိကာကျမှာပေါ့။ တိုက်ရင်လည်း နယ်စပ်တလျှောက် လက်နက်ကိုင်ပဋိပက္ခတွေ တောက်လျှောက်ဖြစ်တော့မှာပေါ့။ ဒါကြောင့်မို့ ကျနော့်အမြင်ကတော့ ဒီလို ဖြစ်မလာဖို့အတွက် အခု တရုတ်ပြည်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခေါ်ယူပြီးတော့ ဒီကိစနဲ့ပတ်သက်လို့ နားချတယ်လို့ ခံစားမိပါတယ်။ အဲ့ဒီလို လုပ်ဖို့လည်း လိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီကိစ္စ၀င်ရောက် ပြောဆိုလို့ မရဘူး။ အဲ့ဒီတော့ ဒီအနေအထား အောက်မှာ ဗိုလ်ချုပ်မှူးကြီးကို ပြောသင့်တာကလည်း တရုတ်ပြည်က ပြောသင့်တယ်။ တရုတ်ပြည်ထဲမှာလည်း တရုတ်စစ်ကော်မရှင်က တယောက်ယောက်က ပြောသင့်တယ်လို့ ထင်တယ်။” တပ်မတော်နဲ့ ၀ တပ်ဖွဲ့တို့သာ တိုက်ပွဲဖြစ်ခဲ့ရင် မဲခေါင်မြစ်ဝှမ်းတလျှောက်ကနေ ရွှေလီမြစ်ဝှမ်း တလျှောက်အထိ တိုက်ပွဲများ ပျံ့နှံ့ ဖြစ်ပွားနိုင်တယ်လို့လည်း ပြောပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းကတော့ အစိုးရနဲ့ စစ်တပ်တို့ဟာ တရုတ်ဆီက မျက်နှာသာရရေး အပြိုင်ကြိုးပမ်းနေကြတာလို့ သုံးသပ်ပြောပါတယ်။ “ဗမာပြည်နိုင်ငံရေးက ဘယ်သူပဲ အစိုးရလုပ်လုပ် တရုတ်ပြည် အိန္ဒိယတို့နဲ့ ခွဲလို့ မရပါဘူး။ နီးနီးကပ်ကပ် ပတ်သက်ဆက်ဆံနေရတဲ့ကိစ္စပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က လည်း တရုတ်ပြည်သွားထားတဲ့အခါကျတော့ သူတို့ကလည်း အပြိုင်အဆိုင်ဆိုတဲ့ သဘောမျိုး လည်း ရှိနေတယ်။ တရုတ်ပြည်ရှေ့မှာ အပြိုင်အဆိုင် favour သွားယူကြတာပေါ့ဗျာ။ တည့်တည့် ပြောရလို့ရှိရင်။” ၀ တပ်ဖွဲ့ကို တိုက်တဲ့အခါ လက်နက်ကြီးကျည်နဲ့ လက်နက်ဆံများ တရုတ်ထဲ ကျရောက်ခဲ့ရင် ဆိုတာမျိုး ကြိုတင် တောင်းပန်ဖို့ သွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ချစ်ကြည်ရေးခရီးမှာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024