ဆီးဂိမ်းအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းက လာအိုကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိ
Published By
DVB | 4 November, 2011
2.2K
0
Share
0
Comment
0
Likes

၂၀၁၁ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ရဲ့အဖွင့်ပွဲစဉ်တွေကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မနေ့ ညနေပိုင်းက စတင်ကျင်းပခဲ့ရာ မြန်မာအသင်းက လာအိုကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အုပ်စု (ခ) မှာ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊တီမောနဲ့ဘရူနိုင်းအသင်းတို့ပါဝင်ကြပြီး မြန်မာအသင်းဟာ ၂၀၀၅ ဆီးဂိမ်းတုန်းက လာအိုအသင်းဆီမှာ တင်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာပါ။
မြန်မာစံတော်ချိန် ၆ နာရီ ၃၀ ဂျကာတာမြို့က ဘန်ကာနိုကွင်းမှာ မြန်မာအသင်းအနေနဲ့လာအိုအသင်းကို ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲစဉ်ကို အနိုင်ရဖို့အတွက် တိုက်စစ်ဦးစားပေး ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ကျော်ကိုကိုနဲ့ မင်းမင်းသူတို့ခြေစွမ်းပြကစားနိုင်ခဲ့ကြတယ်။

ဒါပေမယ့် ပွဲချိန် ၁၅ မိနစ်မှာ နောက်တန်းဘယ်အစွန်လူ ဥာဏလွင် တိုက်ရိုက် အနီကတ်ပြ အထုတ်ခံခဲ့ရလို လက်ကျန်ပွဲချိန်တွေကို ကစားသမားတယောက်လျော့နဲ့ ရုန်းကန်ခဲ့ရပြီး ခံစစ်ပိုင်းကလည်း အမှားများခဲ့လို့အနိုင်ရဖို့ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။
ပထမပိုင်း ၁၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ လာအိုအသင်း တိုက်စစ်မှူး လမ်နာအို တိုဆင် လွတ်လွတ်ကျွတ်ကျွတ်ထိုးဖောက်ဆွဲပြေးတာကို နောက်ကနေ မမှီမကမ်းနဲ့လျှောထိုးဖျက်ထုတ်ခဲ့တဲ့ ဥာဏလွင် တိုက်ရိုက်အနီကတ်ပြခံရပြီး ထွက်ခဲ့ရပါတယ်။
မြန်မာအသင်း တစယောက်လျော့သွားပေမယ့် ကစားပုံပျက်မသွားဘဲ လာအိုအသင်းထက် ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ မြန်မာအသင်း ထောင့်ကန်ဘောရခဲ့ပြီး ပြည်ဖြိုးဦး ကန်တင်တာကို ကျော်ကျော်ကိုက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့မြန်မာအသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
လာအိုအသင်းကတော့ ကစားသမားတယောက်သာပြီးတဲ့နောက် ဘောလုံးပိုင်ဆိုင်မှုအသာစီးရပေမယ့် ထိုးဖောက်ဂိုးသွင်းနိုင်မှုမှာ မြန်မာအသင်းက ပိုမိုရရှိခဲ့ပါတယ်။

မြန်မာအသင်းရဲ့ရှေ့တန်းက ကျော်ကိုကိုနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မင်းမင်းသူတို့ကို လာအိုနောက်ခံလူတွေ ခက်ခက်ခဲခဲ ထိန်းခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက အနိုင်ဂိုးကိုထိန်းဖို့ခံစစ်ထိုင်ကစားခဲ့လို့လာအိုအသင်းကို အခွင့်အရေးပေးသလို ဖြစ်သွားခဲ့တယ်။ မြန်မာ နောက်တန်းကစားသမားတွေကလည်း အမှားများလာပြီး မြန်မာအသင်းရဲ့ပယ်နယ်တီဧရီယာတဝိုက်မှာ မကြာခဏဆိုသလို ပြစ်ဒဏ်ဘောတွေ ပေးခဲ့ရပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာ မြန်မာအသင်း ပယ်နယ်တီဧရိယာနဲ့မလှမ်းမကမ်း ဘယ်ဘက်ခြမ်းမှာ လာအိုအသင်း ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး ဒီဖရီးကစ်ကနေတဆင့် လာအိုအသင်းတိုက်စစ်မှူး လမ်နာအိုက ချေပဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ လာအိုတိုက်စစ်မှူး လမ်နာအိုအနားမှာ မြန်မာနောက်ခံလူ ၃ ဦးရှိပေမယ့် တားဆီးနိုင်ခြင်းမရှိလို့ဂိုးပေးလိုက်ရတာပါ။
ချေပဂိုးပေးလိုက်ရတဲ့ မြန်မာအသင်း ဂိုးထပ်ရဖို့ပြန်လည်တိုက်စစ်မြှင့်တင်ခဲ့ရာ ပွဲချိန် ၆၉ မိနစ်မှာ ကျော်ကိုကိုရဲ့ပေးပို့မှုကနေ မင်းမင်းသူက ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ `
မြန်မာအသင်းရဲ့ဒုတိယဦးဆောင်ဂိုး ဟာ ၅မိနစ်သာခံပြီး ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ မြန်မာနောက်ခံလူတွေ ဘောလုံး ဖျက်ထုတ်ပုံ မသေသပ်လို့ လာအိုအသင်း တိုက်စစ်မှူး ဆောင်ဗိုနီက သွင်းယူခဲ့တာပါ။
ဒုတိယချေပဂိုး ပေးလိုက်ရပေမယ့် စိတ်ဓာတ်ကျမသွားဘဲ ပြန်လည်တိုက်စစ်ဆင်ရာ ပွဲချိန် ၇၉ မိနစ်မှာ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ကြည်လင်းရဲ့ပေးပို့မှုကနေ ရန်အောင်ဝင်းက သွင်းယူခဲ့ပြီး ပွဲဦးထွက်မှာ အမှတ်ပြည့် ရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုက တက်ရေးအတွက် ဖိလစ်ပိုင်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားတဲ့ ဗီယက်နမ်အသင်းနဲ့ နိုဝင်ဘာ ၅ ရက်နေ့ ကစားမယ့်ပွဲကို အနိုင်ကစားဖို့ လိုပါတယ်။