မြန်မာဘက်ကို နယ်စပ်ရေကြောင်းကနေ လောင်စာဆီတင်ပို့မှု ထိုင်းပိတ်ပင်မည်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်ဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို လောင်စာ ဆီတွေ တင်ပို့ရာမှာ အမှတ် ၂၁ ဂိတ်မှတဆင့် ရေကြောင်းလိုင်းကနေ ပို့ဆောင်မှုကို ပိတ်ပင် တော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း သတ်မှတ်ချက်အသစ်အရ တာ့ခ်ခရိုင်ဝန်ရဲ့ အမိန့်နဲ့ အောက်တိုဘာ ၂၆ ရက် ကစပြီး လောင်စာဆီတွေ ရေကြောင်း ဂိတ်အမှတ် ၂၁ ကနေ ပို့လို့ ရတော့မှာမဟုတ်ဘဲ ချစ်ကြည်ရေးတံတားပေါ်ကနေ (ကုန်းကြောင်း)ပဲ ဖြတ်ရတော့မယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူ နယ်ခံ ထိုင်းသတင်းထောက်က ဒီဗွီဘီကို ပြောပါတယ်။ ဒါကြောင့်အောက်တိုလဘာ ၂၅ ရက်နေ့မှာ နောက်ဆုံးအခွင့်အရေးအနေနဲ့ ကုန်သည်တွေဟာ ထိုင်းဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို ရေလမ်းကတဆင့် လောင်စာဆီတွေ အမြောက်အမြား တင်သွင်းလျှက်ရှိပါတယ်။ မြန်မာဘက်ခြမ်းက လောင်စာဆီ ကုန်သည်တွေကလည်း ထိုင်းကုမ္ပဏီဘက်က မှာယူမှုတွေ ရပ်နားထားပါတယ်။ အဆိုပါ အမှတ် ၂၁ ဂိတ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးစောချစ်သူ ဦးဆောင်သော ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်နဲ့ အစိုးရနဲ့ အပစ်ခတ်ရပ်ထားတဲ့ ဗိုလ်ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တို့က အခွန်အခ ကောက်ယူနေတဲ့ဂိတ် ဖြစ်ပါတယ်။ အခုလို ရေကြောင်းဂိတ် ပိတ်ပင်တာနဲ့ ပတ်သက်ပြီး မဲဆောက်မှ ဆီကုန်သည်တဦးဖြစ်တဲ့ နိုင်းဆောဝ်ကစ်မွန်းကတော့ သူ့အမြင်ကို ခုလိုပြောပါတယ်။ “ဒီဂိတ်က မြန်မာအစိုးရကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အခွန်ကောက်ခွင့် ပြုထားတဲ့ ဂိတ်ဖြစ်တယ်။ အဲဒီလက်နက်ကိုင်တွေက အခွန်ငွေမရတော့ဘူး။ ၀င်ငွေမရှိတော့ဘူး။ ဆိုရင် ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ မတွေးတတ်တော့ဘူး။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ မြ၀တီချစ်ကြည်ရေးတံတားမှာက ခါတိုင်း တောင်မှ ကုန်တင်ယာဉ်တွေနဲ့ ပြည့်နေတာ၊ အခုလို ဆီတင်ယာဉ်တွေ တံတားပေါ်ကနေ ဖြတ်ရမယ်ဆိုရင် ယာဉ်ကြောပိတ်မှု ပိုဆိုးလာနိုင်တယ်ဗျ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up