Home
မြန်မာသတင်း
ဇနီးဖြစ်သူနှင့် ဖောက်ပြန်သည်ဟု ဆိုကာ ဓားဖြင့်အထိုးခံရသူ သေဆုံး
DVB
·
October 25, 2016
ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့နယ် ရေအိုးစင်ကျေးရွာတွင် အောက်တိုဘာ ၂၄ ရက် ည ၉ နာရီအချိန်ခန့်က အမျိုးသားတဦး ဓားဖြင့် အထိုးခံရကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ ရေအိုးစင်ကျေးရွာနေ စိုးရွှေ ဆိုသူသည် တရွာတည်းနေ တင်မျိုးလွင်ရဲ့ အိမ်ပေါ်သို့ ရောက်ရှိနေစဉ် အိမ်ရှင် တင်မျိုးလွင် ပြန်လည်ရောက်ရှိလာပြီး မိမိ၏ဇနီးဖြစ်သူနဲ့ ဖောက်ပြန်နေသည်ဟုဆိုကာ ခိုက်ရန်ဖြစ်ပွားပြီး အသင့်တွေ့တဲ့ဓားနဲ့ ထိုးခဲ့တာပါ။ အဲဒီနောက် စိုးရွှေက ထွက်ပြေးသွားပြီး ရွာအလယ်လမ်းဘေး အနက်ဆယ်ပေခန့်ရှိတဲ့ မြောင်းအတွင်း ဓားဒဏ်ရာနဲ့ တွေ့ရှိတာကြောင့် ကညွတ်ကွင်းပြည်သူ့ဆေးရုံကို ပိုဆောင်ကုသစဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ "ကောင်လေးက ဓားနဲ့ သူ ထိုးတယ်ဆိုတာလည်း ဝန်ခံတယ်။ ပြီးတော့ သူ့ကလေးကို ခေါ်တယ်။ သူ့မိသားစုအိမ်ကို ပို့တယ်။ ပြီးတော့ စခန်းမှာလာပြီးအဖမ်းခံတယ်ဗျ။ ကျနော်တို့ကတော့ အခင်းဖြစ်တဲ့ဆီကို တန်းသွားတယ်။ ဒါပေမယ့် သူ့ကို မတွေ့တော့ ပြေးပြီထင်တာပေါ့။ ဒါပေမယ့် သူကိုယ်တိုင် လာအဖမ်းခံတာပါ။ လူနာကတော့ ဒဏ်ရာက တချက်တည်း။ ဆေးရုံကို ပို့ထားပြီး ဆေးကုသမှုခံယူရင်း ဆုံးသွားတယ်ပေါ့။ အခု အဲဒီကိစ္စကို အရေးယူဆောင်ရွက်နေပါပြီ" လို့ ကညွတ်ကွင်းနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကောင်လေးက လူအေးလေးပါ။ အမတို့နဲ့လည်း ဘာမှမတော်ပါဘူး။ သူ့ကို သနားလို့ပါ။ အသောက်အစားလည်း ကင်းတယ်။ အခုကိစ္စကလည်း သူ တော်တော့်ကို မခံနိုင်တော့လို့ လုပ်လိုက်တာ ဖြစ်မယ်” လို့ ပတ်ဝန်းကျင်နေ အမျိုးသမီးတဦးက ပြောပါတယ်။ အဆိုပါဖြစ်စဉ်ကို ကညွတ်ကွင်းနယ်မြေရဲစခန်းက ပုဒ်မ ၃၂၆ အရ မူလအမှုဖွင့်ထားပြီး ဒဏ်ရာရရှိသူ သေဆုံးသွားတဲ့အတွက် ပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်နိုင်ဖို့ ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် ( ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024