ဂျပန်နိုင်ငံတွင် သုံးကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်၊ ၁ ဦး သေဆုံး



1.2K
ဂျပန်နိုင်ငံ အုစုနိုမီရမြို့ရဲ့ ပန်းခြံအနီးအနားမှာ အောက်တိုဘာလ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့လို့ လူ ၁ ဦး သေဆုံးပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
ပေါက်ကွဲမှုဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့မြောက်ပိုင်း အုစုနိမီရမြို့ထဲမှာ ဒေသစံတော်ချိန် ၁၁ နာရီ ၃၁ မိနစ်၊ ၁၁ နာရီ ၃၂ မိနစ်နဲ့ နောက်ထပ် ၁၅ စက္ကန့်အကြာမှာ ပေါက်ကွဲမှု ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
အုစုနိမီရမြို့ ပန်းခြံထဲနဲ့ အနီးနားတွေမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပန်းခြံရဲ့ စက်ဘီးရပ်နားရာနေရာ အနီးက ကားနှစ်စီးလည်း ပေါက်ကွဲမှုကြောင့် တပြိုင်နက်တည်း မီးလောင်ခဲ့တယ်လို့ ရဲကဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အနီးကပန်းခြံမှာ ရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပနေတာဖြစ်ပြီး ပေါက်ကွဲမှုတွေထဲက အနည်းဆုံးတခုကတော့ အဲဒီပွဲတော်ကျင်းပနေတဲ့ ပန်းခြံထဲမှာ ဖြစ်တာလို့ ကျိုဒိုသတင်းဌာနက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ် ပန်းခြံထဲမှာရှိတဲ့ အမျိုးသားတဦးကလည်း “အသံအကျယ်ကြီး ကြားလိုက်ရပြီး” ယမ်းနံ့တွေရတယ်လို့ ဆိုပါတယ်။
ရဲတွေကလည်း အခင်းဖြစ်ပွားတဲ့နေရာကို တားမြစ်နယ်မြေအဖြစ် လက်တလော ကန့်သတ်ထားတယ်လို သိရပါတယ်။ သေဆုံးဒဏ်ရာ ရသူတွေရဲ့ အခြေနေတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ရတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။