တရုတ်နိုင်ငံတွင် စက်ရုပ်ပြပွဲကျင်းပ၊ စက်ရုပ်လုပ်ငန်းရှင်များ တက်ရောက် (ရုပ်သံ)

၂၀၁၆ စက်ရုပ်ပြပွဲကို တရုတ်နိုင်ငံမှာ ကျင်းပနေရာပြီး အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အစ္စရေးတို့က စက်ရုပ်လုပ်ငန်းရှင်တွေ တက်ရောက်နေပါတယ်။ နောက်ဆုံး နည်းပညာတွေကို အသုံးပြုထားတဲ့ စက်ရုပ်တွေကို ပြသထားတဲ့အတွက်လည်း လူအများအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ အားလုံးထဲမှာ သက်ရှိလူသားတယောက်ကို တုပ ဖန်တီးထားတဲ့ စက်ရုပ်လူသားကတော့ အားလုံးရဲ့  အာရုံကို အဖမ်းစား နိုင်ဆုံး ဖြစ်ပါတယ်။ ဘက်မင်တန် ကစားရာမှာ အဖော်လုပ်လို့ရတဲ့ စက်ရုပ်ကလည်း လေ့လာသူတွေအတွက် အသစ်အဆန်း တခု ဖြစ်နေပါတယ်။ ဒီ စက်ရုပ်ရဲ့ လက်နှစ်ဖက်မှာ အာရုံခံနိုင်တဲ့ စနစ်တွေ တပ်ဆင်ထားပြီး၊ အီလက်ထရောနစ် မျက်လုံးလည်း ရှိပါတယ်၊  အပျော်တမ်း ဘက်မင်တန် ကစားသမားတယောက်အနေနဲ့ ဒီစက်ရုပ်ကို အဖော်လုပ်ပြီး ကစားနိုင်တယ်လို့ စက်ရုပ်ရဲ့ ဆောဝဲ အင်ဂျင်နီယာ ကျောက်ကျိ က ဆိုပါတယ်။ စက်ရုပ်လိပ်ပြာ၊ စက်ရုပ်ငှက် တို့ကိုလည်း ပြပွဲမှာ တွေ့နိုင်ပါတယ်။ တကယ့် လိပ်ပြာ၊ ငှက်တို့နဲ့ မခြား ပျံနိုင်ပြီး အရွယ်အစားကတော့ ပိုကြီးမားပါတယ်။ ဒါ့အပြင် ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေတဲ့ အက စက်ရုပ်တွေလည်း ပါဝင်ပါတယ်။ အဓိက အားဖြင့် ပညာပေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်တယ်လို့ တီထွင်သူတွေက ဆိုပါတယ်။ ဒီ စက်ရုပ်ပြပွဲကို ကြာသာပတေးနေ့က စလို့ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

More News
Up