Home
မြန်မာသတင်း
ကာချုပ်က ကယ်ဆယ်ရေးလုပ်ခဲ့သည့် စစ်သည်များကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်မည်
DVB
·
October 22, 2016
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က အောင်စိုးမိုးကျော် - ၂ အမြန်ရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ၀မ်းနည်းကြောင်း ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာ စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြတဲ့ စစ်သည်တချို့ကိုလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင် လက်မှတ်တွေ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာ ရေယာဉ် ခရီးသွားလာမှု လုံခြုံရေးဆိုင်ရာ ကြပ်မတ်မှုနဲ့ လိုက်နာဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ထောက်ပြလိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ အောက်တိုဘာ ၂၁ ရက် ရက်စွဲနဲ့ ကြေညာချက်ထဲမှာ "အသက်များစွာ ဆုံးရှုံးခဲ့သော ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပြီး ယင်းဆုံးရှုံးမှုအတွက် များစွာဝမ်းနည်းရပါ ကြောင်း။တပ်မတော်အနေဖြင့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း လိုအပ်သည်များကို အပြည့်အဝ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ဖြစ်စဉ်တွင် ဝိုင်းဝန်း၍ စွမ်းစွမ်းတမံ ကူညီဆောင် ရွက်ခဲ့ကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင် များအား ချီးကျူး မှတ်တမ်းတင်ပါကြောင်း၊ ချင်းတွင်းမြစ်ကြောင်းတွင် ယခုကဲ့သို့ ရေယာဉ် တိမ်းမှောက် မှုဖြစ်စဉ်များ များစွာဖြစ်ပေါ်ခဲ့ပြီး အသက်များစွာ ဆုံးရှုံးခဲ့သည်ကို စိစစ်တွေ့ရှိရပါ ကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ ရေယာဉ်ခရီးသွားလာမှု လုံခြုံရေးဆိုင်ရာ ကြပ်မတ်ခြင်းနှင့် လိုက်နာရန် လိုအပ်ချက်များ ရှိနေသေးသည်ကို ဖော်ပြလျက်ရှိကြောင်း။"လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နစ်မြုပ်သွားတဲ့ အမြန်ရေယာဉ်အား အောက်တိုဘာ ၁၉ ရက် ကရိန်းနဲ့ ဆယ်ယူရေးဆောင်ရွက်ရာမှာ အထူးခန်းတွေမှာ ပိတ်မိနေတဲ့ ခရီးသည်တွေရဲ့ ရုပ်အလောင်းတွေ သယ်ထုတ်ရာမှာ  မုံရွာတပ်နယ်မှ အမှတ်တ-၄၅၇၉၁၉ တပ်သားအောင်ဆန်းဦးနှင့်အမှတ်-တ-၅၁၁၅၉၉ တပ်သား ကျော်ဇေယျ၊ မုံရွာမြို့ မီးသတ်ဦးစီးဌာနမှ အမှတ် မ- ၂၄၇၉၅ တပ်သားမြနိုင်၊ အမှတ် မ-၂၄၈၀၁ တပ်သား တင့်လွင်ဦး၊ အမှတ် မ-၂၇၅၇၁ တပ်သား ဇော်လင်းမောင်၊ အမှတ် မ-၂၇၅၇၅ တပ်သား ဇော်ဌေးတို့ဟာ  ခက်ခဲစွာဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင် လက်မှတ်တွေကို လုပ်ထုံး လုပ်နည်းနဲ့အညီ ချီးမြှင့်ပေးအပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းကျေးရွာအနီးမှာ ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာခဲ့တဲ့ ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန် ရေယာဉ်တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။ ရေယာဉ်နစ်မြုပ်မှုအတွင်း ခရီးသည် ၁၆၀ လောက် ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၇၀ ကျော် ဆယ်ယူရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024