ထိုင်းဘုရင်ကို ဂါရ၀ပြုရန်လာသူများအတွက် ၁၉၀၀ ပြည့်နှစ်က ကားများ အသုံးပြု (ရုပ်သံ)

နတ်ရွာစံ ထိုင်းဘုရင်ကို ဂါရဝပြုဖို့လာတဲ့သူတွေကို သယ်ယူပို့ဆောင်ဖို့ မြို့တော်ဘန်ကောက် အာဏာပိုင်တွေက ၁၉၀၀ ပြည့်လွန်နှစ်တွေက ထုတ်လုပ်ခဲ့တဲ့ ကားတွေကို သုံးနေပါတယ်။ သီးသန့် အခွင့်အာဏာ ပေးထားတဲ့ ကားတွေကလွဲရင် ခေတ်ဟောင်း ဘတ်စ်ကားတွေနဲ့ ကားတွေကိုသာ နန်းတော်နားက ကန့်သတ်ဧရိယာကို ဝင်ခွင့်ပေးထားပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုနဲ့ တန်းစီနေတဲ့ လာရောက်သူ လူတန်းကြီးကြောင့် လမ်းမလျှောက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် ဒီကားတွေနဲ့ အဓိက သယ်ပို့ ပေးနေတာပါ။ ဝမ်းနည်းကြောင်း ဖဲကြိုး အဖြူနဲ့ အနက်တွေ တန်ဆာဆင်ထားတဲ့ ဒီကားတွေကြောင့် ခံစားချက် သက်သာရတယ်လို့ အသုဘရှု လာရောက်သူတွေက ပြောပါတယ်။ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် နတ်ရွာစံတာ သီတင်းပတ်တပတ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ မနေ့က တော်ဝင်မိသားစု တက်ရောက်တဲ့ အထူးဆုတောင်းပွဲကို နန်းတော်မှာ ကျင်းပပါတယ်။ နန်းမွေဆက်ခံဖို့ မျှော်လင့်ထားတဲ့ အိမ်ရှေ့စံမင်းသား ဗဂျီရာ လောင်ကွန်းကတော့ ထီးနန်းမယူမီ ပြည်သူတွေနဲ့အတူ ဝမ်းနည်းဆုတောင်းချင်တယ်လို့ ပြောထားပါတယ်။ တရားဝင် ထီးနန်း မလွှဲအပ်မီ ထီးနန်းစောင့်အဖြစ် ထီးနန်းထိန်း တယောက်ကို အစိုးရက ခန့်အပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ဝမ်းနည်းခြင်း ၁၅ ရက်အပြီး ထီးနန်းလွှဲအပ်တဲ့ လုပ်ငန်းစဉ် ဖြစ်မြောက်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up