Home
မြန်မာသတင်း
ကွန်ဟိန်းတွင် ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ များ ဖမ်းမိ
နန်းမြနဒီ
·
October 20, 2016
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်ထဲမှာ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးပေါင်း  ၂၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီကနေ့မနက် ၇ နာရီ ၄၀ မိနစ်လောက်က သံလွင်မြစ်ကူး တာကော်တံတားစစ်ဆေးရေးဂိတ်မှာ ရဲအုပ်အေးမင်းကျော် ဦးဆောင်တဲ့ ကာလိရဲစခန်း တပ်ဖွဲ့ဝင်တွေက .ယာဉ်အသွားအလာတွေကို  တာဝန်အရ စစ်ဆေးကြည့်ရှုစဉ် မိုင်ပျဉ်းဘက်ကိုသွားမယ့် ဆာဒ့်အမျိုးအစား ခဲရောင် ဟိုင်း လပ်ယာဉ်တစ်စီးပေါ်ကနေ အဆိုပါ ဘိန်းဖြူဘလောက်တုံးတွေ ဖမ်းဆီးရမိခဲ့တာလို့  အမှတ် ၂၇  မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်စိပ် တာဝန်ကျအရာရှိ ဒုရဲမှူးတင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီကားကို မသင်္ကာလို့ စစ်ဆေးတော့ သူတို့က ဆာ့ဒ်ကားရဲ့ နောက်ကြမ်းခင်းမှာလည်း အံဝှက်လုပ်တယ်၊ ကြမ်းခင်းအံဝှက်ကို စတွေ့တော့ အဲဒီပစ္စည်းကိုတွေ့တာ။ မောင်းတဲ့ထိုင်ခုံအောက်မှာလည်း အံဝှက်ရှိတယ်၊ နောက်ဘေးကထိုင်တဲ့ သူတွေရဲ့အောက်မှာလည်း အံဝှက်လုပ်တယ်၊  အဲဒီအံဝှက်တွေထဲမှာ ဘိန်းဖြူဘလောက်တုံးတွေ ထည့်လာတာ။  ပမာဏကတော့ ဘိန်းဖြူ ဘလောက်အတုံး ၂၀၀ ပေါ့။ တတုံးကို ဒသမ ၃၃၅ ကီလိုနဲ့  အလေးချိန် ၆၇ ကီလိုပေါ့။ ကာလတန်ဖိုးက ကျပ်သိန်းပေါင်း တသောင်းခြောက်ထောင်ခုနှစ်ရာ့ငါးဆယ်လောက်ရှိမယ်။ သူတို့က မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာကနေပြီး မိုင်းပျဉ်းဘက်ကို သွားမယ်လို့ပြောတယ်၊ မိုင်းပျဉ်းကနေပြီး ဘယ်ကိုဆက်သွားမလဲတော့ မသိဘူးပေါ့ဗျာ။” ဘိန်းဖြူဘလောက်တုံးတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ယာဉ်မောင်းသူ စိုင်းဆိုင်ရွက် (အသက် ၂၆ နှစ်) နဲ့ ဘေးကထိုင်ပြီးလိုက်ပါလာသူ မောဆာရိယ (၂၄ နှစ်) တို့ကို  ကာလိရဲစခန်းမှာ မူးယစ်ဆေးဝါးမှု ပုဒ်မ ၁၅/၁၉ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူတို့  ၂ ဦးဟာ အငှါးသယ်ဆောင်ပေးသူတွေသာဖြစ်ပြီး ပိုင်ရှင်အစစ်အမှန်မှာ မျိုင်းပျဉ်းမြို့မှာ နေထိုင်သူ စိုင်းလှမောင်ဖြစ်ကြောင်း၊  သူ့ကို သွားပို့ပေးဖို့ အတွက် မိုင်းအော့ရွာဘက်ကနေ သယ်ဆောင်လာတာလို့  ဒုရဲမှူးက ပြောပါတယ်။ လောလောဆယ် စိုင်းလှမောင်ဟာ ထွက်ပြေးတိမ်းရှောင်နေပြီး သူ့ကိုဖမ်းဆီးရမိဖို့ တာဝန်သိပြည်သူတွေအနေနဲ့  ၀ိုင်းဝန်းကူညီသတင်းပေးကြဖို့လည်း ဒုရဲမှူးက ဆိုပါတယ်။ တာကော်တံတားမှာ မူးယစ်ဆေးသယ်ဆောင်ဖြတ်ကျော်လာတာ မကြာခဏ စစ်ဆေးတွေ့ရှိရမိပြီး ဒီတခေါက်ကတော့ ဒီနှစ်ထဲမှာ ဖမ်းမိတဲ့ထဲက ပမာဏအများဆုံးပဲလို့  ဒုရဲမှူးတင်စိုးက ဒီဗွီဘီကို ပြောသွားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024