ပုဂံဘုရားတချို့အနီး ကား ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်
ရွှေအောင်
·
October 20, 2016
သရပါတံခါး အပါအ၀င် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ ဘုရားစေတီတချို့အနီးနားမှာ ကားတွေ ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်လိုက်တယ်လို့ ရှေးဟောင်းသုတေသနဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။
ပုဂံမြို့အ၀င် သရပါတံခါး၊ သဗညု၊၊ စူဌာမဏိ၊ နတ်လျောင်းကျောင်း၊ ပုထိုးသားများဘုရား စတဲ့ နေရာတွေအနီး ကားများဖြတ်သန်းမောင်းနှင်ခွင့် ပိတ်လိုက်တာဖြစ်ပြီး အဓိကအားဖြင့် ဘုရားများ ကြံ့ခိုင်ရေးကြောင့် ပိတ်ရတာလို့ သူက ပြောပါတယ်။
“ကားအကြီး ၄၅ ယောက်စီးတွေကလည်း ဒီက ၀င်၊ ကားကြီးတွေက ကျပ်၊ ဟွန်းတီး၊ သရပါ တံခါးကိုလည်း ပွတ်တိုက်ပြီး သွားကြ၊နောက် အက်ကွဲမှုတွေဖြစ်လာပြီပေါ့၊ ငလျင်မှာတုန်း ကလည်း အက်ကွဲမှုတွေ ဖြစ်တယ်၊ အရင်ကလည်း အကြိမ်ကြိမ် ပိတ်ခဲ့ဖူးပါတယ်၊ အခုတော့ သေသေချာချာ ပိတ်တာပါ။”
ကား မသွားရလို့ပိတ်ထားတဲ့ စေတီပုထိုးနဲ့တံခါးတွေ အနီးအနားမှာ ဖြတ်သန်းသွားလာလို့ရတဲ့ လမ်းသစ်တွေ ဖောက်ပေးနေသလို ကားပါကင် အသစ်တွေလည်း တည်ဆောက်ပေးနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပုဂံမှာ နေ၀င်နေထွက်ချိန် စောင့်ကြည့်ကြတဲ့ ဘုရား ၅ ဆူ ခွင့်ပြုထားရာက အခု ရွှေဆံတော်ဘုရားနှင့် တောင်ဂူနီဘုရား နှစ်ဆူကိုပဲ ခွင့်ပြုပါတော့တယ်။
၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက် ငလျင်လှုပ်ခတ်ပြီးတဲ့နောက် အခုလို တားမြစ်ပိတ်ပင်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီ ငလျင်ကြောင့် ပုဂံဘုရားပုထိုးစေတီပေါင်း ၃၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။