၂၀၁၉ အာရှဖလားဝင်ခွင့်အတွက် တတိယအဆင့် ခြေစစ်ပွဲတွေ ကစားရမယ့် အသင်း ၂၄ သင်း စာရင်းကို အာရှဘောလုံးအဖွဲ့ချုပ်(အေအက်ဖ်စီ)က ထုတ်ပြန်ရာမှာ မြန်မာ အသင်းလည်း ပါဝင်လာပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စုမှာ အဆင့်(၄) နေရာ ရရှိခဲ့တဲ့အတွက် ၂၄ သင်းစာရင်းမှာ ပါဝင်လာတာလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပါတယ်။
ခြေစစ်ပွဲ တတိယအဆင့် ကစားရမယ့် အုပ်စုပွဲစဉ်တွေနဲ့ ရက်စွဲတွေကို မထုတ်ပြန်သေးပေမယ့် မြန်မာအသင်းနဲ့အတူ ခြေစစ်ပွဲကန်ရမယ့် အသင်းတွေထဲမှာ အာဆီယံအသင်းတွေဖြစ်တဲ့ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား ၊ ကမ္ဘောဒီးယား အသင်းတွေပါဝင်ပါတယ်။
ဒါအပြင် မြောက်ကိုရီးယား၊ ဂျော်ဒန်၊ အိုမန်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ကာဂျစ္စတန်၊ ဟောင်ကောင်၊ တက်ခ်မင်နစ္စတန်၊ ကူဝိတ်၊ ဂူအမ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ ယီမင်၊ တာဂျစ်ကစ္စတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်စ်၊ ဘူတန်နဲ့ တရုတ် (တိုင်ပေ)တို့ လည်း ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားကြရာမှာဖြစ်ပါတယ်။
အဆိုပါ တတိယအဆင့် ခြေစစ်ပွဲဝင် အသင်း ၂၄ သင်း အနက် ၁၂ သင်းဟာ နောက်ဆုံး အဆင့် ပွဲစဉ်တွေကို တက်ရောက် ကစားခွင့်ရမှာ ဖြစ်ပါတယ်။
၂၀၁၉ AFC အာရှဖလားဘောလုံး ပြိုင်ပွဲကို နောက်ဆုံးအဆင့် ကစားခွင့်ရထားတဲ့ အသင်း ၁၂ သင်းနဲ့ ခြေစစ်ပွဲအောင် အသင်း ၁၂ သင်း စုစုပေါင်း ၂၄ သင်းနဲ့ ယူအေအီးနိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
အိမ်ရှင် ယူအေအီး၊ ကာတာ၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျ၊ ဥဇဘတ်ကစ္စတန်၊ ဆီးရီးယား၊ အီရတ်၊ အီရန်နဲ့ တရုတ်အသင်းတွေကတော့ ခြေစစ်ပွဲ ကန်စရာ မလိုဘဲ တိုက်ရိုက်ပြိုင်ပွဲဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။