ရေဘေးအကူအညီ နှောင့်ယှက်ခံရ
DVB
·
November 1, 2011
ရေစကြိုမြို့နယ်က လူငယ်တွေရဲ့ ရေပေးကယ်ဆယ်ရေးအကူအညီ လုပ်ဆောင်တာကို မြို့နယ်အုပ်ချုပ်ရေးမှူးက နှောင့်ယှက် တားဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်က ဆရာတော် ဦးဇဝနဦးစီးတဲ့ လူငယ်တွေ ပခုက္ကူရေဘေးအတွက် ကယ်ဆယ်ရေးအကူအညီ လုပ်နေတာကို ရေစကြိုမြို့နယ် အာဏာပိုင်အဆင့်ဆင့်က တားဆီးနှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော်ဦးဇဝနဦးစီးတဲ့ လူငယ်တွေဟာ လူမှုဖွံ့ဖြိုးရေးအတွက် ရပ်ရွာ သာရေးနာရေးတွေကို လုပ်ဆောင်နေတာပါ။
အောက်တိုဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ မိုးများပြီး ယောချောင်းရေလျှံခဲ့တဲ့အတွက် ပေါက်မြို့၊ ပခုက္ကူမြို့တို့က ရေဘေးသင့် ပြည်သူတွေကို အကူအညီပေးဖို့ လုပ်ဆောင်ရာမှာ ရေစကြိုမြိ့နယ်က စည်ပင်သာယာရေးဦးစီးဌာနနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်စိုးတို့က ခြိမ်းခြောက်နှောင့်ယှက်ခဲ့တယ်လို့ ရေစကြိုမြို့ခံတဦးက ပြောပါတယ်။
“လူငယ် ၃၀ လောက်ကနေ စည်းစည်းလုံးလုံးနဲ့ ကူညီချင်တဲ့ စိတ်ဓာတ်နဲ့ စည်ပင်ဦးစီးမှူးကို သွားပြောတဲ့အချိန်မှာ ကထိန်ရှိတဲ့အတွက် ခွင့်မပြုနိုင်ဘူးပေါ့။ ကထိန်ကိုလည်း လူငယ်တွေက ဦးစီးပေးမယ်ပေါ့။ သေတဲ့လူက သေ၊ ဒုက္ခရောက်တဲ့လူက ရောက်တဲ့ဟာတွေကိုလည်း ခွင့်ပြုပါ ဆိုတဲ့အခါမှာ စည်ပင်ဦးစီးမှူးက မဖြေခဲ့တဲ့အတွက်ကြောင့် လူငယ်လေးတွေက ကိုယ်အသိစိတ်ဓာတ်နဲ့ကိုယ် လိုက်အလှူခံတယ်။ အဲဒီအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်စိုးက လူငယ်တွေအဖွဲ့ကို ၉ နာရီလောက်မှာ ရုံးကို ခေါ်ပြီးတဲ့အခါမှာ ဒီလိုလုပ်ကိုင်နေတာ မြို့နယ် အုပ်ချုပ်ရေး ယန္တရားကို ဒီဆန့်ကျင်တယ်ပေါ့နော်၊ အရေးယူလို့ ရတယ်ဆိုတဲ့အကြောင်း၊ ခြိမ်းခြောက်တာလေးတွေလည်း ပါတာပေါ့။”
အာဏာပိုင်တွေက တားဆီးနှောင့်ယှက်ခဲ့တဲ့အတွက် ရေဘေးသင့် ပြည်သူတွေကို ကူညီခွင့် မရရှိခဲ့ဘူးလို့လည်း မြို့ခံက ဆိုပါတယ်။
“ဒီ ပခုက္ကူဆိုတာ ကမ်းနားရှိပါသေးတယ်။ တကယ် ကျနော် သတင်းလှမ်းယူတဲ့ အချိန်မှာ ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်မှာ ပိုပြီးတော့ ဆိုးတယ်ပေါ့နော်။ သေကြ၊ ပျက်စီးကြပေါ့နော်။ အဲဒါလေးတွေကို ကူညီခွင့်တွေက ကျနော်တို့ ဒီနေ့အချိန်မှာ ဆိတ်သုဉ်းသွားတယ်လို့ သတ်မှတ်လို့ ရတယ်ပေါ့။”
အောက်တိုဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ယောချောင်းရေလျှံခဲ့တဲ့အတွက် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ကျေးရွာပေါင်း ၄၀ ကျော်ဟာ အကူအညီထောက်ပံ့ရေးတွေ လိုအပ်နေပါတယ်။