Home
ဆောင်းပါး
အစိုးရကိုင်တွယ်နေတဲ့  မောင်တောအရေး
DVB
·
October 18, 2016
ဒီတကြိမ် ရခိုင်ပြည်နယ်၊ မောင်တောဘက် ပြဿနာတက်တော့ အစိုးရက အလျင်အမြန် ကိုင်တွယ်ဖြေရှင်းတာ တွေ့ရသလို သတင်းထုတ်ပြန်တာလည်း မြန်တယ်။ အကျိုးဆက်က အကြမ်းဖက်တိုက်ခိုက်မှု ဆိုတာ ထင်ထင်ရှားရှား ပေါ်လွင်ခဲ့ပြီး ခုချိန်ထိ တခြား အရေးဘက် ကူးစက်မသွားဘူး။ အောက်တိုဘာ ၁၇ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ မောင်တောအရေး သတင်းစာရှင်းလင်းပွဲကလည်း အစိုးရ ကိုင်တွယ်လုပ်ဆောင်နေပုံတွေ ပိုပြီး သိလာရတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊သံတမန်ရေး ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံကနေ ဥပဒေနဲ့အညီ လုပ်ဆောင်နေပုံတွေ ပေါ်လွင်တယ်။ အစိုးရက မောင်တော အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့အပေါ် အချက် ၁၀ ချက်နဲ့ ကောက်ချက်ဆွဲ သုံးသပ်ခဲ့တယ်။ ၁။ ယခုပြဿနာသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားများကို အခြေပြု၍ ယခုဖြစ်စဉ် ပေါ်ပေါက်သည်ဟု သုံးသပ်ရပါကြောင်း၊။ ၂။ လတ်တလော အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည်ရရှိရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ အမြစ်ပြတ် ချေမှုန်းရေး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသူများကို အမြန်ဆုံးဖော်ထုတ်ရေး စသည်များ လိုအပ်သည်ဟု မိမိတို့ သုံးသပ်ပါကြောင်း။ ၃။ လုံခြုံမှုအပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်သင့်။ ထိုကဲ့သို့ ဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့်သာ ရေတို ရေရှည် အကျိုးဖြစ်ထွန်းနိုင်မည်ဟု သုံးသပ်ပါကြောင်း၊ ၄။ ယခုဖြစ်စဉ်အပေါ် ဆောင်ရွက်သည့်နေရာတွင် ပြဿနာဖြစ်သည့် ကျေးရွာများ၌ တရားဥပဒေစိုးမိုးရေး ပြည့်ဝစွာရှိရန်နှင့် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးတို့အတွက် တပါတည်း ဆောင်ရွက်သင့်သည်ဟု မိမိတို့ သုံးသပ်ရရှိပါကြောင်း၊ ၅။ ရေတို ရေရှည်တွင် ဒေသခံပြည်သူလူထု လုံခြုံမှုအပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်သင့်သည်ဟု သုံးသပ်ပါကြောင်း။ ၆။ နတ်မြစ်ဝတွင်ရှိသည့် ဒုက္ခသည်စခန်းများ၌ လူဝင် လူထွက်ကို စစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ပါကြောင်း၊ ၇။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား၌ရှိသည့် ခြံစည်းရိုးကို ခိုင်ခံ့ပြီး လုံခြုံမှုရှိစေရန်အတွက် ဘဏ္ဍာ ငွေ သုံးစွဲဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ပါကြောင်း၊ ၈။ တိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုံခြုံမှုကောင်းမွန်စေရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်သည်ဟု သုံးသပ်ပါကြောင်း။ ၉။ ရခိုင်ပြည်နယ်ရှိ အချို့သော နိုင်ငံရေးပါတီများသည် လက်ရှိအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှု နည်းပါးခဲ့သော်လည်း အောက်တိုဘာ ၉ ရက် ဖြစ်စဉ်အပေါ်တွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီအားလုံးက အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြောကြားကြသည်ကို တွေ့ရသည့်အတွက် ယခုဖြစ်စဉ်အပေါ် အပြုသဘောဆောင်သည့် သဘောထားရှိလာသည်ဟု မိမိတို့ သုံးသပ်မိပါကြောင်း၊ ၁၀။ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုကွန်ရက်အဖွဲ့အစည်းများ၏ ကိုယ်စားပြုကော်မတီသည် လည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင် သည့် သဘောထားများ တင်ပြလာသည့်အတွက် ၎င်းတို့၏ အကြံဉာဏ်များကိုလည်း မိမိတို့ စဉ်းစား သုံးသပ်ပါကြောင်း၊။ မောင်တောမှာ နေနေကြတဲ့ လူတွေအကြောင်းလည်း သတင်းစာရှင်းလင်းပွဲကနေ အခုလို သိရတယ်။ ၁။ လက်ရှိနောက်ဆုံးစာရင်းအရ ဘူးသီးတောင်၊ မောင်တောဒေသ၌ ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက် ကျေးရွာအုပ်စု ၂ဝ၄ စု၊ ကျေးရွာပေါင်း ၉ဝ၅ ရွာ ရှိပါကြောင်း၊ ၂။ ရခိုင်တိုင်းရင်းသားကျေးရွာမှာ ၃၄၉ ရွာ ရှိပြီး ဘင်္ဂါလီကျေးရွာ ၅၃၆ ရွာ ရှိပါကြောင်း၊ တိုင်းရင်းသားနှင့် ဘင်္ဂါလီပူးတွဲနေသည့် ကျေးရွာ ၂ဝ ရှိပါကြောင်း၊ ၃။ တိုင်းရင်းသားလူဦးရေမှာ တသိန်းနှစ်သောင်းနှစ်ထောင့်လေးဆယ့်တဦး ရှိပါကြောင်း၊ တိုင်းရင်းသား ငါးထောင်သုံးဆယ့်တဦး ရှိပြီး၊ ဘင်္ဂါလီ ခုနစ်သိန်း ခြောက်သောင်း ငါးထောင့်ရှစ်ရာ ခြောက်ဆယ့်နှစ်ဦး ရှိပါကြောင်း၊ ၄။ စုစုပေါင်း ကောက်ယူသည့်စာရင်းအရ ရှစ်သိန်းကိုးသောင်းနှစ်ထောင့်ကိုးရာ သုံးဆယ့်လေးဦး ရှိကြောင်း။ တခါ နိုင်ငံတကာ ပါဝင်ပတ်သက်နိုင်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ချက်တွေလည်း အခုလို သိရတယ်။ ၁။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အဆိုမူကြမ်းကို OIC ဟုခေါ်သည့် အစ္စလာမ္မစ် နိုင်ငံများ အဖွဲ့အစည်းမှနေ၍ တင်ပြရန် ကြိုးစားနေမှုလည်း ရှိပါကြောင်း၊ ထိုသို့ ကြိုးစားသည့်နေရာတွင် မိမိတို့ဘက်ကလည်း အဖြစ်မှန်အားလုံးကို တင်ပြနေပါကြောင်း၊ ဤအရေးကိစ္စတွင် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အင်အားသုံးသည့်အခါမှာပင် လိုအပ်သည့် အင်အားထက် ပိုပြီးမသုံးဘူး ဆိုသည့် ကိစ္စကိုလည်း ရှင်းပြနေပါကြောင်း၊ ၂။ အာဆီယံနိုင်ငံများထဲ၌ အစ္စလာမ်ဘာသာ ကိုးကွယ်သည့်နိုင်ငံ သုံးနိုင်ငံ ရှိပါကြောင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့ ဖြစ်ပါကြောင်း၊ အဆိုပါနိုင်ငံများမှ သံအမတ်ကြီးများအား ယနေ့ ခေါ်တွေ့ပြီး အခြေအနေမှန်ကို ပိုမိုသိရှိအောင် ရှင်းပြပါကြောင်း။ တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သုံးနိုင်ငံစလုံးက လက်ခံ၍ ထိုသို့ ရှင်းပြသည့်အခါတွင် ၄င်းတို့၏ရပ်တည်ချက်ကိုလည်း ပြောပြပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက အင်ဒိုနီးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး လွတ်လပ်ခွင့်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် မလိုလားပါကြောင်း ပြောကြားခဲ့ရာ ယင်းမှာ အင်မတန်မှ အရေးကြီးပါကြောင်း၊ နောက် မိမိတို့၏ လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ၎င်း၏ရပ်တည်ချက်ကို ပြောကြားရာ တွင်လည်း မြန်မာနိုင်ငံ အစိုးရ၏ ဆောင်ရွက်ချက်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံတွင်ရှိသည့် လုပ်ပိုင်ခွင့်သာဖြစ်ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း အင်ဒိုနီးရှားအစိုးရအနေဖြင့် လက်ခံပါကြောင်း၊ နောက်တချက်အနေဖြင့် မြန်မာနိုင်ငံအစိုးရသည် လူ့အခွင့်အရေးကာကွယ်ရေးကို လက် ကိုင်ထား ဆောင်ရွက်နေသည်ကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ကို တွေ့ရပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာ နေထိုင်သည့် နိုင်ငံ ဖြစ်ပါကြောင်း၊ အဆိုပါသံအမတ်ကြီး၏ ရပ်တည်ချက်ကို ဘရူနိုင်း သံအမတ်ကြီးနှင့် မလေးရှားနိုင်ငံ သံအမတ်ကြီးကလည်း ထောက်ခံပြီး ထိုအတိုင်း ရပ်တည်ကြပါကြောင်း။ ၃။ ဥရောပသမဂ္ဂ သံအမတ်ကြီးကိုလည်း ရှင်းပြ။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ နိုင်ငံများသာမက နိုင်ငံအားလုံးကိုလည်း ရှင်းပြထားပါကြောင်း၊ မိမိအနေဖြင့်လည်း ဥရောပသမဂ္ဂသံအမတ်ကြီးကို ဆက်သွယ်ပြီး ဤကိစ္စနှင့်ပတ်သက်၍ ပြောပြပါကြောင်း၊ ဥရောပသမဂ္ဂ သံအမတ်ကြီးကလည်း ၎င်းအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအား မိမိတို့၏ လုပ်ဆောင်ချက်များကို ရှင်းပြပေးမည်ဖြစ်မည်ဟု ပြောပါကြောင်း၊ ဤနည်းဖြင့် သံတမန် နည်းလမ်းမှနေ၍ အခြားသက်ဆိုင်ရာ သံအမတ်ကြီးများကိုလည်း ရှင်းပြရန် ရှိပါကြောင်း။ အစိုးရဘက်က မောင်တောအရေးနဲ့ စပ်လျဉ်းလို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာတွေ ဖြစ်ပါတယ်။ အထွေထွေပြောဆိုချက်တွေအရ ဖမ်းမိထားတဲ့ အကြမ်းဖက်သမား ၂၉ ဦးကို စစ်ဆေး မေးမြန်းနေတယ်။ အိုင်စီအာစီလို နိုင်ငံကြက်ခြေနီအဖွဲ့တွေ ဝင်စစ်တာခံနိုင်တဲ့အထိ ဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းတယ်။ တာဝန်ပေါ့လျော့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွကို လိုအပ်သလို အရေးယူထားသလို တာဝန် ထမ်းဆောင်ရည်ကောင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရာထူးတိုးပေးထားတယ်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ခဲ့တာ အခုအခါ နယ်မြေလုံခြုံရေးနှင့်ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်ပြီ။ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်း စတင်ခဲ့တဲ့ မောင်တော အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပတ် ဆယ်ရက်အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းအစုံအလင် ဖြစ်ပါတယ်။ အစိုးရသုံးသပ်ချက် ၁ အရ မောင်တောအရေးဟာ အနာဆွေး ဖြစ်လို့ တတ်သိကျွမ်းကျင်တဲ့ ပါရဂူတွေနဲ့ နက်နက်နဲနဲ အချိန်ယူ ကုသရမှာ ဖြစ်ကြောင်း။ ရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024