ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို သွားပြီ

ဒေါ်စုတက်မယ့် ထိပ်သီးအစည်းအဝေးက အိန္ဒိယအနောက်ဘက်ကမ်းခြေက ခရီးသွားမြို့တခု ဖြစ်တဲ့ ဂိုအာမှာ ဖြစ်တယ်။ ပေါ်တူကီတွေ ဗဟိုပြုခဲ့တဲ့နေရာပါ။ ဂိုအာကနေဆက်ပြီး မြန်မာနိုင်ငံကိုလည်း ပေါ်တူကီလူမျိုးတွေ ရောက်တယ်လို့ ပြောနိုင်ပါတယ်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလထဲ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို အရင်ဆုံး တခေါက် လာစဉ်ကတော့ ကျွန်တော်လည်း ဒေလီမှာ နေသေးတာမို့ ဒေါ်စု ခရီးစဉ်ထဲက မြန်မာကွန်မြူနတီနဲ့ တွေ့တဲ့အစီအစဉ်ကို အစကနေ အဆုံးအထိ လုပ်ပေးနိုင်တာတွေနဲ့ လုပ်ခွင့်ရတာတွေမှန်သမျှ လုပ်ပေးခဲ့ရပါတယ်။ အမှန်အတိုင်းပြောရရင် မလာခင်ကတည်းက လုပ်ရတာဖြစ်ပြီး တချို့ နေရာတွေမှာ နောက်ကနေသာ ပါခဲ့တာပါ။ မရောက်ခင်ကတည်းက သတင်းရတာနဲ့ ဆက်သွယ်ရေးတွေ လုပ်ရတယ်။ ဒေါ်စုဆီကို တိုက်ရိုက်မဟုတ်ပါ။ ဒေါက်တာတင်မာအောင်ဆီ ဆက်ရတယ်။ သူလည်း အလုပ်များတဲ့အထဲက အီးမေးလ်နဲ့ပြန်ပါတယ်။ နောက် အိန္ဒိယအာဏာပိုင်တွေနဲ့ ဆက်သွယ်ရတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပရိုတိုကော်လ် အရာရှိတွေနဲ့တော့ အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီး စီစဉ်ရပါတယ်။ မြန်မာကွန်မြူနတီနဲ့ အကြိမ်ပေါင်းများစွာ၊ လူပေါင်းများစွာနဲ့ ပြောရဆိုရ စီစဉ်ရပါတယ်။ ပရိုတိုကောလ်ဌာနက ဒေါ်စုနဲ့ ကွန်မြူနတီတွေ့ဖို့ အချိန်တနာရီတိတိ သတ်မှတ်ထားတယ်။ အဲဒီနာရီပြည့်တာနဲ့ ကားပေါ် တင်ခေါ်သွားမယ်တဲ့။ အချိန်ကိုက်ဖြစ်အောင် ဒေါက်တာတင်မာအောင်ကလည်း စည်းကမ်းချက်တွေ ကြိုတင်ပေးပါတယ်။ ကျနော်က ကြားခံလူလို လုပ်ရ၊ တံတားခင်းသူလို လုပ်ရတယ်။ တံတားဆိုတာ သုမေဓာရှင်ရသေ့လိုပါ။ ကျောပေါ်မှ နင်းကြွတော်မူပါဘုရား။ ကျနော်မှသာ မဟုတ်ပါ။ ဘယ်အလုပ်ကြီးမျိုးမှာမဆို သည်လိုလုပ်ကြရသူတွေ ရှိပါတယ်။ အဲဒီခရီးစဉ်က အောင်မြင်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်က လွတ်လာတာ ရက်ပိုင်းသာ ရှိသေးပြီး ပြည်ပဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ဒုတိယချက်မနေရာလည်းဖြစ်လို့ မျှော်လင့်ထားချက်တွေက အတော်ကြီးမားတာနဲ့အညီ အောင်မြင်မှုကလည်း ကိုက်ညီပါတယ်။ သည်တခေါက်က တမျိုး။ မျှော်လင့်အားမကြီးဘူးလို့ ထင်ပါတယ်။ ခရီးစဉ်ကလည်း ပုံမှန် ခရီးသဘောနဲ့ အလုပ်တာဝန်ခရီး ဖြစ်တယ်။ သူ့မှာ တခြားအရေးအရာတွေအတွက် အချိန်မပေးနိုင်လောက်ပါ။ အဲဒီမှာ မြန်မာကွန်မြူနတီဆိုတာလည်း သေးငယ်သွားပြီ။ တာဝန်ခံလုပ်မယ့် သူတွေရော ဆရာကြီးလုပ်မယ့်သူတွေပါ အဲဒီမှာ မရှိကြတော့ပါ။ သည်တခါ ဒေါ်စုက BRICS ခေါ်တဲ့ ဘရာဇီးလ်၊ ရုရှား။ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေ စုစည်းထားတဲ့ အဖွဲ့ကြီး ထိပ်သီးအစည်းအဝေးနဲ့အတူ BIMSTEC အစုအဖွဲ့အစည်းကိုပါ တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေ ပါတယ်။ အဓိကအာဂျင်ဒါထဲမှာ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးပါနေလို့ လောလာဆယ် မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်နေပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီအစိုးရကနေ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ နိုင်ငံခြားရေးပေါ်လစီကို အရှေ့မျှော်ကနေ အရှေ့လုပ်လို့ ပြောင်းထားပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရတက်ကတည်းက ထားခဲ့တဲ့ ပေါ်လစီအဟောင်းကို နာမည်ပြောင်းထားတာပါ။ အိန္ဒိယအဖို့ အရှေ့တောင်အာရှနဲ့ ချိတ်ဆက်ဖို့မှာ သူ့ရဲ့ အရှေ့မြောက်ဒေသကနေ မြန်မာပြည်ကို ဆက်ရမှာပါ။ သူ့ဘက်မှာက သူပုန်သူကန်တွေ ရှိနေတယ်။ အိန္ဒိယအစိုးရကို လက်နက်ကိုင်တိုက်နေကြတဲ့ အရှေ့မြောက်ဒေသက လက်နက်ကိုင်အဖွဲ့ပေါင်း ဒါဇင်ဝက်လောက်က မြန်မာ့မြေပေါ်မှာ ခြေကုပ်ယူထားကြတယ်။ မြန်မာစစ်အစိုးရလက်ထက်မှာ စခဲ့တာပါ။ နှစ်နိုင်ငံအစည်းအဝေးတိုင်းမှာ အဲဒါကို ပြောတယ်။ ပြောတိုင်းလည်း မြန်မာဘက်က မရှိစေရပါလို့သာ ပြန်ပြောနေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါ။ လက်ရှိမြန်မာအစိုးရကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှီမာ ဆွာရက်စ် နေပြည်တော်ကို လာစဉ်က သည်အတိုင်း ဖြေထားပြီးဖြစ်တယ်။ အဲဒီအိန္ဒိယရဲ့ပြဿနာဟာ မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခနဲ့ တူနေတယ်။ အစိုးရက တစိတ်တပိုင်းသာ သြဇာသက်ရောက်မှု ရှိပါတယ်။ ဒီအစုအစည်းကြီးနှစ်ခုလုံးဟာ ကိန်းဂဏန်းတွေအရတော့ အင်မတန်များပြား ကြီးမားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတပုံ နေထိုင်တယ်။ ကမ္ဘာ့ GDP ရဲ့လေးပုံတပုံ (၁၇ ထရီလီယံ) ရှိတယ်။ စီးပွားရေးကတော့ ကောင်းလှတာ မဟုတ်ပါ။ လောင်စာဆီဈေး ကျနေတယ်။ ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ဒဏ်ခံနေရတယ်။ တရုတ်မှာလည်း ထုတ်ကုန်တွေ ကျဆင်းနေချိန် ဖြစ်တယ်။ တောင်အာဖရိက ဘဏ္ဍာရေးဝန်ကြီးကလည်း အခြေအနေ သိပ်မကောင်းတာ ပြောထားတယ်။ တရုတ်နဲ့ အိန္ဒိယဆက်ဆံရေးဟာလည်း ထုံးစံအတိုင်း ပြိုင်ဘက်သာဖြစ်တယ်။ ရုရှားကနေလည်း သူ့ရဲ့ဆီးရီးယားပေါ်လစီကို ထောက်ခံမှုရအောင် လုပ်ချင်နေမယ်။ တရုတ်ကလည်း သူ့တောင်တရုတ်ပင်လယ်အရေးမှာ ထောက်ခံစေချင်နေမယ်။ အိန္ဒိယအဖို့မှာ SAARC ခေါ်တဲ့ တောင်အာရှနိုင်ငံများအစုက အိန္ဒိယနဲ့ ပါကစ္စတန် ဆက်ဆံရေးကြောင့် အသက်မဝင် ဖြစ်နေတယ်။ အဲဒါထဲမှာ မြန်မာပြည်နဲ့ အာဖဂန်နစ္စတန်တို့ကို လေ့လာသူအဖြစ် ထည့်ထားတယ်။ အဲဒါကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ဖွဲ့ထားတဲ့ BISTEC အုပ်စုကို ပိုပြီး အာရုံစိုက်နေတယ်။ အိန္ဒိယက ဘင်္ဂလားပင်လယ်အောာ် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ချင်တယ်။ တရုတ်ကလည်း ပိုသားခါးပတ်လမ်းမကြီး လုပ်နေတယ်။ အဲဒါကြီးတွေ အားလုံးက မြန်မာ့မြေပုံကို ဖြတ်သန်းကြမှာပါ။ မဏိပူကနေ ဘန်ကောက်ထိသွားမယ့် သုံးနိုင်ငံလမ်းမကြီးလည်း ပါတယ်။ စိတ်ကူးထားတာ ဖနွမ်းပင်အထိ ဆက်မယ်။ တရုတ် ဖောက်ချင်တဲ့လမ်းတွေက မျက်စိနဲ့ မမြင်နိုင်တာတွေကလည်း ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီခရီးမှာ မျှော်လင့်နိုင်တာတွေလည်း ရှိပါတယ်။ ရခိုင်နယ်မြေမှာ ဖြစ်တာဟာ လူမျိုးရေး မဟုတ်၊ ဘာသာရေး မဟုတ်၊ အကြမ်းဖက်မှုဖြစ်တယ်လို့ တရားဝင် သတ်မှတ်ထားတယ်။ မိုဒီရဲ့ ဘီဂျေပီပါတီကလည်း ဘာသာရေး အစွန်းရောက်မှုတွေကို ရင်ဆိုင်နေရတယ်။ တာလီဘန် အပါအဝင် မွတ်ဆလင်အစွန်းရောက် အတော်များများဟာ ပါကစ္စတန်မှာ အခြေစိုက်တယ်။ မောင်တောမှာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ ခေါင်းဆောင်လုပ်သူက အဲဒီမှာ ခြောက်လသင်တန်းဆင်းခဲ့သူ ဖြစ်တယ်။ အိန္ဒိယမှာ ထက်မြက်တဲ့ R&W ထောက်လှမ်းရေးဌာနရှိလို့ သတင်းအချက်အလက်တွေ မြန်မာပြည်က လိုချင်ရင် ရနိုင်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ စဖွဲ့ထားတဲ့ BRICS ဟာ အမေရိကန် အုပ်စီးထားတဲ့ IMF ကို ယှဉ်ဖို့ရည်ရွယ်ပြီးဖွဲ့ထားတာ ဖြစ်ပါတယ်။ BRICS ထိပ်သီးတွေမှာ အနောက်အုပ်စု ဆန့်ကျင်အမြင် ရှိတယ်။ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာက အနောက်နိုင်ငံတွေကသာ ကူညီခဲ့တယ်။ BRICS ထဲက တောင်အာဖရိကဆိုရင် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးအဆိုကို ၂ဝဝ၇ တုန်းက ကန့်ကွက်မဲ ပေးခဲ့တယ်။ ဒီခရီးစဉ်ကို အများက အများကြီး အာရုံစိုက်မထားတဲ့ခရီးကနေ ဒေါ်စုဟာ စိတ်အေးလက်အေးနဲ့ အိန္ဒိယကနေ ရနိုင်တာတွေကို အရယူခဲ့နိုင်ဖို့ အခွင့်ကောင်းရပါမယ်။ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ ကျန်းမာရေး၊ အိုင်တီနည်းပညာ စတာတွေအတွက် နောက်အဆင့်တွေ တိုးစေနိုင်ပါတယ်။ ဒေါက်တာတင့်ဆွေ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up