ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများ ပြည်တော်ပြန်ရေး ဆွေးနွေး

ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူတွေဟာ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ရေးအတွက် တိုကျိုမြို့ မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ဖို့ နိုင်ငံကူးလက်မှတ် အပါအ၀င် လက်ရှိဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း(ဂျပန်)က အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီခန့်က သွားရောက်တွေ့ဆုံတင်ပြခဲ့ကြပြီး တိုကျိုမြို့ မြန်မာသံရုံး သံအမတ်ကြီး ဦးသူရိန်သန့်ဇင် ဦးဆောင်တဲ့ တာဝန်ရှိသူတွေက လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခုလို တွေ့ဆုံဆွေးနွေးမှုဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ အများအပြားနဲ့ မြန်မာအာဏာပိုင်တွေကြား တရားဝင် ပထမဦးဆုံး တွေ့ဆုံဆွေးနွေးမှု လည်းဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်းဟာ မြန်မာစစ်အစိုးရလက်ထက် မြန်မာနိုင်ငံမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးအတွက် လှုပ်ရှားခဲ့ကြသူ တိုင်းရင်းသားများအပါအ၀င် မြန်မာနိုင်ငံသားများနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲဖြစ်လာစေဖို့ ဂျပန်နိုင်ငံမှာ နေထိုင်ရင်း စစ်အစိုးရဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံသားအများစုရဲ့ မိခင်နိုင်ငံက မိသားစုကို စစ်အစိုးရက ဒုက္ခပေးသလို၊ ကိုယ်တိုင်လည်းပြန်ခွင့်မရလို့ ဂျပန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရယူခဲ့ကြပေမယ့် ဂျပန်နိုင်ငံသားအဖြစ် မခံယူခဲ့ကြကြောင်း၊ လက်ရှိနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီဖြစ်လို့ ပြည်တော်ပြန်ဖို့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တိုကျိုမြို့က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးသန်းဆွေက တင်ပြပြောဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို ယခင် စစ်အစိုးရလက်ထက်က ၀င်ငွေခွန်အဖြစ် တလကို ဂျပန် ယန်း ၁ သောင်း တိုကျို-မြန်မာသံရုံးက ကောက်ခံခဲ့ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းက စကာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများသံရုံးတွေမှာ ၀င်ငွေခွန်ဆောင်စရာ မလိုတော့ကြောင်း ဖျက်သိမ်း ကြေညာခဲ့ပါတယ်။ နိုင်ငံတကာရောက် နိုင်ငံရေးခိုလှုံခွင့် ရထားသူတွေကတော့ မြန်မာစစ်အစိုးရလက်ထက်က စစ်အစိုးရ အင်အားမကြီးထွားရေးမူများထဲက တချက်အရ မြန်မာသံရုံးတွေကို အခွန်ဆောင်လေ့ မရှိကြပါဘူးလို့ ဦးသန်းဆွေက ဆွေးနွေးပွဲမှာ ဆက်လက်ပြောဆိုခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ် ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် လိုအပ်တဲ့အခွန်ပေးဆောင်ရေးနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဦးသူရိန်သန့်ဇင်က ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ နေထိုင်မှု အခက်အခဲတွေကို မိမိအနေနဲ့ အမြဲတမ်းလေ့လာဆန်းစစ်နေပြီး စာနာနားလည်ကာ တည်ဆဲဥပဒေတွေနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းနေကြောင်း အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေး ပြောဆိုခဲ့ပြီး အခု တင်ပြမှုတွေကို မိမိလုပ်ပိုင်ခွင့်ဘောင်အပြင်မှာမို့ သက်ဆိုင်ရာ အစိုးရဌာနတွေဆီ ဆက်လက်တင်ပြပူးပေါင်းကာ အတတ်နိုင်ဆုံး အမြန်ဆုံးဖြေရှင်းဖို့ အဆင်သင့်ရှိကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့ကြပြီး စစ်အစိုးရ ဆန့်ကျင်ရေးလုပ်ခဲ့ကြတဲ့ မြန်မာမိဘတွေက မွေးဖွားခဲ့တဲ့ ကလေးသူငယ်တွေ အခက်အခဲနဲ့ပတ်သက်ပြီး တိုကျိုမြို့နေ ဦးကျော်ကျော်စိုးရဲ့ မေးမြန်းမှုကိုတော့ သက်သေခံအစစ်အမှန်ရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွား မိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ကလေးသူငယ်တွေ ၁ နှစ်အတွင်း လာရောက်သတင်းပေးဖို့ လိုအပ်ပြီး ကျော်လွန်ခဲ့ပါက ကျော်လွန်ခြင်းအကြောင်းပြချက်သာ လိုအပ်ကြောင်း တိုကျို-မြန်မာသံရုံး သံမှူး ဒေါ်သိင်္ဂီအောင်က ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပညာရေးအပါအ၀င် လက်ရှိဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံးရဲ့ အခက်အခဲများကို မိမိတာဝန်ယူနေစဉ် တည်ဆဲဥပဒေများအရ အမြန်ဆုံး တာဝန်ယူဖြေရှင်းနေပြီး လာရောက်တင်ပြဆွေးနွေးနိုင်ကြပါတယ်လို့ ဖိတ်ခေါ်ပြောဆိုခဲ့ပါသေးတယ်။ ၁၉၈၈ အရေးခင်း ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံမှာ လာရောက်ခိုလှုံနေသူ လူဦးရေ ၃၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up