Home
မြန်မာသတင်း
ဘူးသီးတောင်နှင့်မောင်တောကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထား
အောင်သူ
·
October 14, 2016
  ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာရှိနေတဲ့ လဝက ဝန်ထမ်းတွေနဲ့ စစ်သင်တန်း တက်ထားသူတွေကို လက်နက်တွေထုတ်ပေးထားပြီး အဲဒီနေရာတွေကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အား ၀န်ကြီးကပြောပါတယ်။ ဒီကနေ့ ရခိုင်ပြည်နယ်အစိုးရရုံးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တွေမြို့ရှိ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် လူမူကွန်ရက် အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသွားတာပါ။ ဒါ့အပြင် ဖမ်းမိထားတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကို ဂျနီဗာကွန်ဗင်းရှင်း နိုင်ငံတာ ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်းနဲ့ ဒီအကြမ်းဖက်မှုဖြစ်စဉ်တွေဟာ နိုင်ငံတော် အချုပ်အခြာကို ထိပါးတာလို့လည်း ပြောပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေဟာ ဘယ်အဖွဲ့အစည်းကလည်း ဆိုတာကိုတော့ အခုချိန်မှာ ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။ ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချပ်အောင်စိုးကတော့ လက်ရှိ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီး မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ကပါ  ပိတ်ဆို့မူတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ တက်ရောက်လာကြသူတချို့ကတော့ ဒီအရေးကိစ္စဟာ နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးနေတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းဖို့လိုပြီလို့ ထောက်ပြခဲ့ကြပါတယ်။ မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို တပ်မတော်က နယ်မြေရှင်းလင်း ဆောင်ရွက်နေပြီး ၀ါးပိတ်ကျေးရွာနားမှာ  အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁ ဦးကို ဖမ်းဆီးရမိခဲ့သလို   အောက်တိုဘာ ၁၂ ရက်နေ့က မီးရှို့ခံထားရတဲ့ ဝါးပိတ်ကျေးရွာမှာ နယ်မြေ ရှင်းလင်းစဉ် RSO အလံ ၂၄ ခုနဲ့ လည်စည်း ၄၀ သိမ်းမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024