Home
မြန်မာသတင်း
မြန်မာပြည်တွင် သဘာဝဘေးကြောင့် တန်ဖိုး ဒေါ်လာ ၄.၇ ဘီလီယံခန့် ပျက်စီးဆုံးရှုံး
DVB
·
October 14, 2016
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ (၄ ဒသမ ၇) ဘီလီယံခန့် ရှိခဲ့တယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားမှာ ထုတ်ဖော် ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ ထိခိုက်ဆုံးရှုံးမှုများတဲ့ သဘာဝဘေးပေါင်း(၂၄) ကြိမ် ဖြစ်ပွားခဲ့လို့ ပျမ်းမျှ တနှစ်ကို ၁ ကြိမ် ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတာဖြစ်ပြီး သဘာဝဘေးတွေကြောင့် လူဦးရေ ၄ သန်းခန့် ဘေးသင့်ခဲ့ရကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံခန့် ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်းအရ မြန်မာပြည်ဟာ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ ညွှန်းကိန်း ၆. ၈ ရှိပြီး နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှာ နံပါတ်စဉ် ၉ အဆင့်ရှိနေတယ်လို့လည်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောပါတယ်။ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာစေဖို့ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းတွေမှာ တာဝန်ရှိသူအားလုံးအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ပြည်သူတွေ အတွက် ဘေးကင်း လုံခြုံတဲ့ လူနေမှုဘ၀တွေ ဖန်တီးပေးကြဖို့လည်း ဒုသမ္မတက တိုက်တွန်းပြောသွားပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း မြန်မာနိုင်ငံဟာ ဟေတီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် ကမ္ဘာမှာ သဘာဝဘေးကြောင့် လူသေဆုံးမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၁၃၉၅၁၅ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် လျော့ချရေးရုံးကထုတ်ပြန်တဲ့ အစီရင်ခံစာ အရသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024