ဖေ့စ်ဘွတ်ခ်နှင့် လိုင်းတို့မှတဆင့် မူးယစ်ဆေးဝါးရောင်းချသူ ဥပဒေကျောင်းသားကို ဖမ်းဆီး

1K
ထိုင်းနိုင်ငံတောင်ပိုင်း၊ လန်ဆူအန်မြို့မှာ ယာဘ စိတ်ကြွဆေးအပါအ၀င် မူးယစ်ဆေးဝါးတွေကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှတဆင့် ရောင်းချမှုပြုခဲ့တဲ့ ဥပဒေအထူးပြု ဒုတိယနှစ် ကျောင်းသားတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ရဲတွေက သတင်းအရ စီးနင်းရှာဖွေခဲ့ချိန်မှာ အသက် ၂၀ အရွယ် ရော့တ်န၀ပ် အမည်ရတဲ့ အဆိုပါကျောင်းသားကို နေအိမ်တိုက်ခန်းတခုအတွင်းမှာ အသက် ၁၈ နှစ်အရွယ် ချစ်သူမိန်းကလေးနဲ့အတူ ဖမ်းမိခဲ့တာပါ။
ရော့တ်န၀ပ်ဆီမှာ မူးယစ်ဆေးပြား ၄၇၃ ပြား အပါအ၀င် ကရာသွန် (Krathom) မူးယစ်ဆေးဝါးပါ လက်ဖက်ခြောက်နဲ့ တခြားမူးယစ်ဆေးဝါးတွေကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။
သူဟာ ဘန်ကောက်တက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားတဦးဖြစ်ပြီး မူးယစ် ဆေးဝါးတွေကို ဘန်ကောက်မှ သယ်ဆောင်ကာ မွေးရပ်မြို့ လန်ဆူအန်မှာ ရောင်းချခဲ့တာလို့ ရဲတွေကို ပြောပါတယ်။
ရော့တ်န၀ပ်ဟာ မူးယစ်ဆေးဝါးရောင်းချမှုကနေ ထိုင်းဘတ်ငွေ ၂ သိန်းရရှိခဲ့ပြီး ဖြစ်ကာ မော်တော်ဆိုင်ကယ်တစီးနဲ့ အမြတ်ငွေတွေလည်း ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ဖောက်သည်တွေနဲ့ ဆက်သွယ်ဖို့ ဖေ့စ်ဘွတ်ခ်နဲ့ လိုင်းလူမှုကွန်ရက်စာ မျက်နှာတွေကို အသုံးပြုပြီး မူးယစ်ဆေးဝါးရောင်းချမှုတွေ ပြုလုပ်ခဲ့တာပါ။