Home
သုံးသပျခကျြ
ပြည်တွင်းစစ်မီးအရှိန်က ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုသက်ရောက်မလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
October 12, 2016
ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ တက်လာတာ ၆ လသက်တမ်း ကြာခဲ့ပါပြီ။ အဲဒီမှာ အထူးသဖြင့် အထူးဦးစားပေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး၊ အဲလိုပဲ နိုင်ငံခြားဆက်ဆံရေးတွေကို တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အဲဒါနဲ့တပြိုင်တည်းမှာပဲ လက်ရှိအခြေအနေမှာဆိုရင်တော့ နည်းနည်းကြီးမားတဲ့ စစ်ဆင်ရေးတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်ဘက်မှာ စပြီးတွေ့လာတဲ့အတွက် ပြည်သူတွေကလည်း စစ်မီးတွေများ ပြန်တောက်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ဖြစ်ပေါ်နေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒီနေ့ ကျနော်တို့ အဓိကဆွေးနွေးမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်မီးအရှိန်ဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုများ သက်ရောက်နိုင်လဲဆိုတာ ကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင်တွေ ဖြစ်ကြတဲ့ ဦးသန်းစိုးနိုင်နဲ့ ဦးအေးမောင်ကျော်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “လွန်ခဲ့တဲ့ တလကျော်ကျော်လောက်ကတော့ ၂၁ ပင်လုံကို လုပ်နိုင်ခဲ့ပါတယ်။ အရင်ထက်ပိုပြီး လူတွေပါခဲ့တယ်။ အရင်မပါခဲ့တဲ့ ဝ တို့၊ မိုင်းလားတို့ ပါခဲ့တဲ့အတွက် လူတွေ မျှော်လင့်ချက်ရှိတယ်။ အဲဒါနဲ့တပြိုင်တည်း အခုရက်ပိုင်းတွေမှာ အထူးသဖြင့် ကချင်ပြည်နယ်နဲ့၊ ရှမ်းပြည်ဘက်မှာ စစ်မီးတွေ၊ မြောက်ပိုင်းနားဘက်မှာပေါ့နော် သေနတ်သံတွေ ပြန်ကြားရတယ်။ တော်တော်ကြီးကျယ်တဲ့ စစ်ဆင်ရေးတွေ တွေ့နေရတယ်ဆရာ။ အဲဒါနဲ့ပတ်သက်လို့ ဆရာ၊ ဘာကြောင့်မို့လို့ ဒီလိုမျိုး ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အရှိန်အဟုန်နဲ့ သွားနေတဲ့အချိန်မှာ ဒီစစ်မီးတွေ ပြန်တောက်လာတာဟာ အစောတုန်းကပြောတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုများ ထိခိုက်နိုင်လဲ။ ဘာကြောင့် ပြန်ဖြစ်တာလဲဆိုတာ ဆရာ ပထမဦးဆုံး သုံးသပ်ပေးပါခင်ဗျာ။” ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) “၂၁ ရာစု ပင်လုံညီလာခံ အခင်းအကျင်းရော၊ ပါဝင်မှုရော၊ နောက် ရှေ့ဆက်လုပ်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ရော ပြည်သူတွေကတော့ အများကြီးကို ကျေနပ်အားရပြီးတော့ ၀မ်းမြောက်နေကြတာပါ။ ဒါပေမယ့် ပထမအကြိမ် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးညီလာခံတုန်းကလည်း အန်စီအေ လက်မှတ်ထိုးတဲ့ မင်မခြောက်ခင် သေနတ်သံတွေ ထွက်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ငြိမ်းချမ်းရေးအလားအလာတွေ မှေးမှိန်သွားတယ်။ အခု ဒီတခါလည်း ငြိမ်းချမ်းရေးညီလာခံ ပြီးတဲ့နောက် တပတ်လောက်အတွင်း ၁၁ ရက်နေ့ကစပြီးတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ စပြီးတော့ဖြစ်တယ်။ အဲဒီတော့ ဆိုလိုတာကတော့ ညီလာခံပြီးတာနဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေက ဒီသေနတ်သံတွေအောက်မှာ တော်တော်လေးကို စိတ်ထွေပြားပြီးတော့ အတော်လေးကို စစ်ပွဲတွေများ ပြန်ပြီးဖြစ်တော့မှာလားလို့ တော်တော်လေးကို စိုးရိမ်နေကြတယ်။ အဲဒီထဲမှာ ပြီးခဲ့တဲ့ မိတ္ထီလာမှာ တပ်ချုပ်ကိုယ်တိုင် တက်ရောက်ပြီးတော့ ပူးပေါင်းစစ်ဆင်ရေး လှုပ်ရှားမှုကြီး လုပ်တယ်။ အဲဒီမှာလည်း တပ်ချုပ်က ဒါက တပ်မတော်အနေနဲ့ နိုင်ငံတကာမှာ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ပူးပေါင်းစစ်ဆင်ရေးကို အတိုင်းအတာကြီးစွာ လုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီမှာ ထူးခြားတာတခုကတော့ ကြည်းနဲ့ လေသာ ပါပြီးတော့ ရေ မပါဘူး။ တကယ်တမ်း လက်တွေ့ဖြစ်လာတာလည်း အဲဒီနောက်ပိုင်းမှာ ကေအိုင်အေကို ဦးတည်ပြီးတော့တိုက်တဲ့ စစ်ဆင်ရေးဟာ ကျနော်တို့သိရသလောက်တော့ တပ်မနှစ်ခုလောက် ပါတယ်။ နောက် တောင်ပေါ်အမြောက်တွေ ပါတယ်။ သံချပ်ကာကားတပ်တွေ ပါတယ်။ လေကြောင်းထိုးစစ်တွေ ပါတယ်ဆိုတဲ့အခါကျတော့ မိတ္ထီလာမှာလုပ်ခဲ့တဲ့ ပူးပေါင်းစစ်ဆင်ရေး ဆိုတာ ကေအိုင်အေကို တိုက်ဖို့အတွက် ဦးတည်ပြီးတော့ လုပ်ခဲ့တာလားဆိုတဲ့ စိုးရိမ်စိတ်တွေ အတော်လေးကို များလာပါတယ်။ အဲဒါကြောင့်လည်း အခုဆိုရင် ဒေသခံတွေ ထွက်ပြေးရတာ၊ ပိုပြီးတော့ ဒုက္ခသည်တွေ များလာတာ၊ အဲဒါကြောင့် ကချင်ပြည်နယ်တဝန်းလုံးမှာ ဒီစစ်ပွဲတွေကို ရပ်ဆိုင်းပေးဖို့အတွက် တောင်းဆိုမှုတွေဟာ အလွန်ကို ပြင်းထန်လာတယ်။ အဲဒီပြင်းထန်မှုဟာ ခုနောက်ဆုံး ဘယ်အဆင့်ထိ ရောက်တော့မှာလဲဆိုတော့ တပြည်လုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေးကို တောင်းဆိုတဲ့ တောင်းဆိုမှုတွေအထိ အရှိန်အဟုန်မြှင့်လာမယ့် အနေအထား ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ စဉ်းစားစရာနှစ်ချက် ရှိတယ်ပေါ့ဗျာ။ တခုကတော့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ အကျိုးဆက်အရ ပြောရမယ်ဆိုရင်တော့ ဒီပင်လုံညီလာခံနောက်ပိုင်းမှာ လုပ်မယ့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ၊ လှုပ်ရှားမှုတွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အားလုံးက အန်စီအေ လက်မှတ်ထိုးမှ ပါဝင်ရမှာ ဖြစ်တယ်။ အဲဒီတော့ အန်စီအေ လက်မှတ်ထိုးအောင် ကျနော်တို့ တပ်မတော်က စစ်ရေးအရ ဖိအားပေးနေတာလား။ ဒါမှမဟုတ်ရင် အရင်တုန်းက ပြီးခဲ့တဲ့ လွတ်လပ်ရေးသက်တမ်းတလျှောက်လုံးမှာ လုပ်ခဲ့သလို ငြိမ်းချမ်းရေးလုပ်လိုက်၊ စစ်ဆင်ရေးတွေ ဆင်နွှဲလိုက်၊ ပြီးရင် ငြိမ်းချမ်းရေးလုပ်လိုက်။ အဲဒီအခါကျတော့ အရင်တုန်းက နပိုလီယံ ပြောသလိုပေါ့ဗျာ၊ ငြိမ်းချမ်းရေးဆိုတာ ဘာလဲဆိုရင် စစ်ပွဲတွေ ခဏနားတဲ့အချိန်မှာ အားဖြည့်တဲ့သဘောလားလို့ ကျနော်တို့က ယူဆစရာတွေရှိတယ်။ အဲဒီအလားအလာတွေဟာ ကျနော်တို့ပြည်သူတွေရဲ့ ပင်လုံမျှော်လင့်ချက်၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေကို အတော်ကို ပြိုကွဲသွားအောင် ဖြစ်စေနိုင်တဲ့အတွက် ကျနော်တော့ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ ထိုးစစ်တွေရပ်စဲဖို့၊ နှစ်ဘက် စစ်ရပ်စဲဖို့ကို ကျနော်တို့ကတော့ မျှော်လင့်နေပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့။ ဆရာသန်းစိုးနိုင်ကတော့ အထူးသဖြင့် လက်ရှိထိုးစစ်တွေအပေါ်မှာ စိုးရိမ်တယ်။ နောက်တခုကလည်း အန်စီအေကို လက်မှတ်ထိုးအောင် ဖိအားပေးတာလား၊ လောလောဆယ် ခဏအင်အားဖြည့်တင်းတာလား ပြောသွားပါတယ်။ ဆရာအေးမောင်ကျော်လည်း ကျနော် မေးချင်ပါတယ်။ လောလောဆယ်မှာတော့ သေချာတာကတော့ အထူးသဖြင့် ကချင်ပြည်နယ်ဘက်မှာပေါ့နော်။ အရှိန်အဟုန်နဲ့ ထိုးစစ်တွေဆင်နေတယ်။ အဲဒါရဲ့နောက်ကွယ်က ဘာတွေရှိလဲ၊ နောက်တခုက တကယ်တမ်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုမျိုး သက်ရောက်မှုရှိလဲဆိုတာ ဆရာ့အနေနဲ့ ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အခုဟာကတော့ တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ အခြေအနေပေါ့လေ။ ဒါက နိုင်ငံရေး စိတ်ပါဝင်စားသူတွေရော သာမန်ပြည်သူလူထုကြားထဲအထိပါ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ၊ ခံစားမှုတွေ ဖြစ်နေတာပေါ့နော်။ မြစ်ကြီးနားတို့ ဘာတို့မှာဆို လူထုဆန္ဒပြပွဲတွေ အကြီးအကျယ် လုပ်ကြတယ်ပေါ့နော်။ ဒါတွေက ပြောမယ်ဆိုရင်တော့ လူထုကတော့ ဘယ်ဘက်ကိုမှ ပါတယ်လို့ မဟုတ်ဘဲနဲ့ အဓိကတော့ စစ်ကို ရပ်စဲချင်တယ်ဆိုတဲ့သဘော ပိုတွေ့ရတယ်။ ဒါက လူထုရဲ့ တလျှောက်လုံးသော ဆန္ဒပေါ့နော်။ အဲဒီတော့ ကေအိုင်အေနဲ့ အစိုးရ ပြန်ကြည့်မယ်ဆိုရင်တော့ ၁၉၉၄ လောက်က စာချုပ်တခု ချုပ်ဖူးတယ်ပေါ့နော် ငြိမ်းချမ်းရေး။ အဲဒီနောက်ပိုင်းမှာ တလျှောက်လုံး သူ အေးအေးဆေးဆေးပဲဗျ။ ဘာမှမဖြစ်ခဲ့ဘူး။ ၂၀၁၁ မှာ တခါ ပြန်ပြီးတော့ဖြစ်တယ် စစ်က။ တပိန်ရေအားလျှပ်စစ်တို့ ဘာတို့နဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ အဲဒီနောက်ပိုင်းမှာ သူက တလျှောက်လုံး အပစ်အခတ်ရပ်စဲရေး ပုံစံမျိုး တခါမှ သူတို့ မချုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ ဒီကြားကာလတလျှောက်လုံးမှာ မကြာခဏ ဖြစ်တာပဲ။ ဖြစ်လိုက်၊ ပြန်အေးသွားလိုက်၊ တော်တော်များတယ်၊ အကြိမ်တော်တော်များတယ်။ တပ်မတော်ဘက်က ပြောတာတွေလည်း ရှိတယ်။ ကေအိုင်အေဘက်က ပြောတာတွေလည်း ရှိတယ်။ ဘယ်ဟာမှားတယ်၊ မှန်တယ်ဆိုတာ ကျနော်တို့က ပြောဖို့နည်းနည်းခက်တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်လည်း ပြောဖူးတယ်။ သူတို့ဘက်က မကြာခဏ လာပြီး နှောင့်ယှက်ပစ်ခတ်တာ ဘာညာပေါ့ အများကြီးရှိတယ်ပေါ့။ အကြိမ်ပေါင်းများစွာ ရှိတယ်။ ဒါပေမယ့် တချို့ကကျတော့ သူတို့က အောက်ခြေကလုပ်တာ၊ သူတို့မသိလိုက်တာတို့၊ သူတို့ အမိန့်ပေးလို့မရဘူးဆိုတဲ့ စသဖြင့်ပေါ့နော်။ သူတို့ဘက်က အဲဒီလို ပြောတာတွေရှိတယ်။ ကေအိုင်အေဘက်ကကျတော့လည်း သူက နယ်မြေတွေ တိုးချဲ့တယ်ပေါ့နော်။ စစ်ကြောင်း နယ်မြေရှင်းတယ်ဆိုတဲ့အောက်မှာပေါ့နော်။ ရိက္ခာပို့တယ်ဆိုတဲ့အောက်မှာ သူတို့ နယ်မြေတွေတိုးချဲ့တယ်။ သူတို့ကို လာပြီးတော့ ထိပါးတယ်ပေါ့နော်။ ဒီလိုပြောဆိုတာတွေ ရှိတယ်။ ဆိုတဲ့အခါကျတော့ အဲဒါတွေက ကျနော်တို့က အဝေးကနေ လှမ်းပြီးတော့ မှန်တယ်၊ မှားတယ်ဆိုတာ ပြောဖို့ အရမ်းခက်ပါတယ်။ ဒါပေမယ့်လို့ တကယ် ဘာဖြစ်ရမလဲဆိုတော့ တကယ်တမ်းက ကိုယ့်တပ်ကိုတော့ နိုင်ကြဖို့ လိုပါတယ်။ ဥပမာအားဖြင့် အောက်ခြေမှာ တခုခုဖြစ်တယ်။ ဖြစ်ရင် ဒါ အောက်ခြေက၊ ကျနော်တို့ မသိလိုက်ပါဘူး၊ ဒီလိုပြောလို့တော့ မရဘူးပေါ့။ ဒါ စစ်ရေးကိစ္စဖြစ်တာကိုး။ စစ်ရေးကိစ္စဖြစ်တဲ့အခါကျတော့ တာဝန်တော့ ယူရလိမ့်မယ်ဗျ။ နောက်တခုက ကိုယ့်တပ်ကို မနိုင်ဘူးလို့တော့ ပြောလို့မရဘူး။ သူတို့ကို ကျနော်တို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့ သွားလုပ်ပါတယ် ဆိုပြီးတော့ လုပ်လို့မရဘူး။ ဒါတွေက နည်းနည်းခက်တဲ့ကိစ္စတွေပေါ့ဗျာ ရှေ့တန်းမှာ။ အဲဒီတော့ တကယ်တမ်းတော့ ဘာဖြစ်ရမလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပေါ့နော်၊ အန်စီအေသာ ထိုးထားမယ်ဆိုရင် ဒီလိုတိုက်ပွဲတွေက တစုံတရာ လျော့ကျသွားနိုင်မယ်လို့တော့ ကျနော်ကတော့ ယူဆတယ်ဗျ။ အခုဟာက ဖြစ်နိုင်ခြေတွေကတော့ ဘာတွေဖြစ်နိုင်လဲဆိုတော့ စစ်ရေးအရ ခြိမ်းခြောက်ပြီးတော့ ဖိအားပေးထားတာပေါ့နော်။ အဲဒါ ဘာလဲဆိုတော့ ဒါ တပ်မတော်ဘက်က အယူအဆရှိတယ်။ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ကာကွယ်တယ်ဆိုတာ တဘက်လူကို မလှုပ်နိုင်အောင် လုပ်ထားတဲ့အဆင့်အထိ ပါတယ်ဆိုတာ သူတို့ ပြောဖူးတယ်။ အဲဒီတော့ ဒါက လိုင်ဇာကိုတော့ သူက ၇၇၁ တောင်ကုန်းနဲ့ ဒီဘက်က တောင်ကုန်းနှစ်ခုနဲ့ သွားထောက်ထားပြီးသား ရှိတယ်။ ဒါပေမယ့် ဟိုဘက်မှာရှိတဲ့ ပါချောင်တို့လို တောင်ကြောတွေမှာကျတော့ ပြန်ပြီးတော့ တစုံလုံးကို ချုပ်ကိုင်ထားမယ်။ မလှုပ်နိုင်အောင် လုပ်ထားချင်တယ်ဆိုတဲ့ သဘောလားပေါ့။ အဲဒီတော့ စဉ်းစားရတာကတော့ ဒါတွေသိမ်းဖို့တော့ မဟုတ်ဘူးလို့ ကျနော်တို့ ယူဆတယ်။ သိမ်းမှာတော့ မဟုတ်ဘူး။ ဒါပေမယ့်လို့ သူက ချုပ်ကိုင်ထားချင်တာ။ ထိန်းချုပ်ထားချင်တာပေါ့ အခြေအနေတခုအောက်မှာ။ အဲဒီတော့ အဲဒီရဲ့နောက်ကွယ်မှာ နိုင်ငံရေးအယူအဆတွေ ရှိကောင်းရှိနိုင်ပါတယ်။ ခုနက အန်စီအေမှာ၊ ညီလာခံမှာ ကေအိုင်အေ အပါအ၀င်ပေါ့နော်၊ ယူအန်အက်ဖ်စီကတင်တဲ့ တောင်းဆိုချက်မျိုးတွေရှိတယ်။ ဒီဟာတွေနဲ့ ပတ်သက်သလားပေါ့နော်။ ဒီလိုတောင်းဆိုချက်တွေကိုပဲ တပ်မတော်က အလွန်အကျွံဖြစ်တယ်လို့ ယူဆတာလား။ သို့မဟုတ် ဒီလိုတောင်းဆိုချက်တွေ လျော့ကျသွားစေချင်တာလား သို့မဟုတ် မလှုပ်နိုင်အောင် ထိန်းချုပ်တာလား၊ သို့မဟုတ် ခုနကပြောတဲ့ အောက်ခြေမှာဖြစ်တဲ့ဟာလေးတွေကို မကျေနပ်လို့ပဲ တန်ပြန်ပြီးတော့ အရေးယူတာလားပေါ့နော်။ ဒီလို စဉ်းစားစရာတွေ အများကြီး ဖြစ်လာတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် အခြေအနေကတော့ မကောင်းပါဘူး။ ကျနော်တို့ သိသလောက် သတင်းတွေကတော့ မထုတ်ပြန်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကြားရသလောက်တော့ တော်တော်ကြီးကျယ်ပါတယ်။ ဒီတိုက်ပွဲတွေက တော်တော်လေးဆိုးနေတဲ့သဘော ရှိပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဆရာအေးမောင်ကျော်ကတော့ ဒါ စစ်ရေးအရ ဖိအားပေးလားပေါ့နော်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ၆ လတခါ ထပ်တွေ့မယ်။ နောက်တခေါက် ထပ်တွေ့ဖို့ကလည်း ဖေဖော်ဝါရီလောက်ကျတယ်။ အများစုကလည်း ပြည်ထောင်စုနေ့လောက်လို့ ခန့်မှန်းတယ်။ အဲဒါနဲ့တပြိုင်တည်းမှာပဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်။ တကယ်တမ်းကျတော့ စစ်ရေးအရ ဖိအားဟာ နိုင်ငံရေးဆွေးနွေးမှုတွေမှာ သက်ရောက်မှု ရှိတယ်ပေါ့နော်။ စစ်ဘောင်ကျယ်ရင်တော့ ဒီမိုကရေစီဘောင်ကျဉ်းတယ်၊ နိုင်ငံရေးဘောင်ကျဉ်းတယ်၊ ငြိမ်းချမ်းရေးဘောင်ကျဉ်းတာပေါ့။ အဲဒီတော့ ဆရာသန်းစိုးနိုင်ကို ကျနော်မေးချင်တာက စစ်ရေးအရ ငြိမ်းချမ်းရေးကို တကယ်လုပ်နိုင်ပါ့မလား။ အဲဒီတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ ပြန်ပါလာတယ်။ နောက်တခု အစိုးရအနေနဲ့ရော ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်လဲပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ ဆရာ နည်းနည်းဖြည့်စွက်ပြောပါဦး။ တကယ်တမ်း စစ်ရေးဖိအားနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် တကယ်ရောက်နိုင်ပါ့မလားဆိုတာ ဆရာ သုံးသပ်ပေးပါဦးခင်ဗျ။” ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) “ဒါက ကျနော်တို့ ပြည်တွင်းစစ်သမိုင်းတလျှောက်လုံးမှာ ငြိမ်းချမ်းရေး အကြိမ်ကြိမ် လုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ ခုနက ကျနော် ပြောခဲ့သလိုပါပဲ။ ငြိမ်းချမ်းရေးလုပ်ပြီးရင် စစ်ရေးဖိအားတွေက နောက်က လိုက်လာတာပဲ။ အဲဒါကြောင့် ဒီနေ့ ပြည်တွင်းစစ်က ၆၇ နှစ် ကြာလာတာ။ အဲဒီတော့ အဲဒီနည်းပဲ ဆက်သုံးမယ်ဆိုရင်တော့ ကျနော်တို့ ပြည်တွင်းစစ် အနှစ် ၁၀၀ ကို ကြိုဆိုရမယ့် အနေအထားတခုကို ရောက်သွားနိုင်ပါတယ်။ ဒါမှမဟုတ် ဒီနည်းကတော့ မကျင့်သုံးသင့်ဘူးလို့ ကျနော်တို့ထင်တယ်။ တကယ် ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် ကျနော်တို့က ငြိမ်းချမ်းရေးညီလာခံပြီးရင် ဆက်လုပ်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေ ရှိတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နောက်ပြီးတော့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွေ။ အဲဒီဆွေးနွေးပွဲတွေ အောင်မြင်မှ ကျနော်တို့က ဒုတိယအဆင့်၊ ဒုတိယခြေလှမ်း ဖေဖော်ဝါရီလောက်မှာလုပ်မယ့် ညီလာခံမှာ ကျနော်တို့က ငြိမ်းချမ်းရေးအတွက် အလားအလာတွေ ပိုပြီးတော့ကောင်းလာမှာ။ သို့သော်ငြားလည်း အခုက ညီလာခံပြီးတာနဲ့တပြိုင်နက် ပေါ်လာတဲ့သတင်းက အန်စီအေ လက်မှတ်မထိုးရင် နောက်ပိုင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရဘူးဆိုတဲ့အခါကျတော့၊ အဲဒီတော့ ဒီ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ ဝ၊ မိုင်းလားရှိတယ်။ နောက်ပြီးတော့ ယူအန်အက်ဖ်စီက ၈ ဖွဲ့ရှိတယ်။ အဲဒီတော့ သူတို့ မပါဝင်ဘူးဆိုရင် နောင်လာမယ့် ညီလာခံဟာ အခု ပထမညီလာခံအဆင့်လောက်တောင် ရှိတော့မှာမဟုတ်ဘူးဆိုတာ ဝမ်းနည်းစရာကောင်းတဲ့ အနေအထားတခုရှိတယ်။ နောက်တခုက သူတို့မပါဘူးဆိုရင် ဒီညီလာခံမှာ တင်ပြတဲ့ကိစ္စတွေ၊ ကိုယ့်လူထု သက်ဆိုင်ရာလူထုကို တင်ပြဖို့အတွက် စီစဉ်ထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အနည်းဆုံး ကချင်ပြည်နယ်တို့၊ ရှမ်းပြည်နယ်တို့မှာ လုပ်လို့ရမှာ မဟုတ်တော့ဘူး။ အဲဒါဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက တော်တော်ကို ဖရိုဖရဲဖြစ်တော့မှာ။ နောက်ပြီးတော့ မူဘောင်ဆွေးနွေးပွဲ ကိစ္စကလည်း အခု သူတို့မပါဘူးဆိုရင် ဒီမူဘောင်ကိစ္စကို ညှိနှိုင်းဖို့ကလည်း တော်တော်ခက်ခဲသွားပြီ။ အဲဒီတော့ ပြောချင်တာကတော့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ အောင်မြင်မှုတွေ ဆက်သယ်ဆောင်ဖို့အတွက်၊ ဒီစစ်ဆင်ရေးတွေ ပေါ်ပေါက်လာတဲ့အတွက် ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေ ရောက်နေပြီ။ ဒါပေမယ့် ဒီလို စစ်ရေးနည်းနဲ့ အန်စီအေ လက်မှတ်ထိုးဖို့သော်လည်းကောင်း၊ ဒါမှမဟုတ် ဒေသတခုကို ချုပ်ကိုင်ဖို့ ကြိုးစားတာသော်လည်းကောင်း ဘယ်လို စစ်ရေးလှုပ်ရှားမှုမှ ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုဘူး။ ဒါမှမဟုတ် ဒီလိုစစ်ဆင်ရေးတွေကို ရပ်ဆိုင်းပေးသင့်တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဆရာအေးမောင်ကျော်လည်း ကျနော် ဒီဟာကိုပဲ ပြန်မေးပါတယ်။ တကယ်တမ်းကျတော့ နိုင်ငံရေးဖြစ်စဉ်တွေပေါ့နော်၊ ပထမညီလာခံကနေ နောက်ညီလာခံကြားမှာ Process အနေနဲ့ သွားနေတဲ့အတွင်းမှာ ဒီစစ်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံရေးမူဘောင်ကိစ္စ ထိခိုက်လာမယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ထိခိုက်လာမယ်။ အဲဒါနဲ့ပတ်သက်လို့ တကယ်လက်တွေ့ကျပြီး အလုပ်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးလမ်းတခု ပြန်ပွင့်ဖို့ပေါ့နော်။ ဘာတွေလုပ်ဖို့လိုမလဲ၊ နောက်တခုက တကယ်တမ်း ခုနက ဆရာပြောတဲ့ Inclusion, Exclusion ပေါ့။ ပါတာနဲ့ မပါတာ။ တချို့တွေတော့ မပါဘဲ ကျန်ခဲ့တော့မယ်။ အဲဒါနဲ့ ဖြစ်ပေါ်လာမယ့် ရလဒ်တွေ အဲဒါလည်း ဆရာ ဖြည့်စွက်ပြီးတော့ နည်းနည်းသုံးသပ်ပေးပါဦး ဆရာ။” ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အခုဟာက ကျနော်တို့က ကြားကာလ ဖြစ်နေတာပေါ့နော်။ ညီလာခံနှစ်ခုကြားမှာ။ အချိန်ကတော့ ၆ လပဲရှိတယ်။ အခုတောင် ၁ လကျော်သွားပြီပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီကြားကာလမှာက အမျိုးသားအဆင့် ဆွေးနွေးပွဲဆိုတာက လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက်ပေါ့နော်။ ဒီလိုပြောကြရမှာဆိုတဲ့အခါကျတော့ အဲဒီအကြောင်းအရာတွေ ပြောဖို့အတွက်ကိုပဲ မူဘောင်အခြေခံတွေ ဆွဲတာကိုက မပြီးသေးဘူး။ နောက် Framework လို့ ခေါ်တဲ့ နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲမူဘောင်။ ဒါကလည်း မပြီးသေးဘူး။ ဒါတွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ၀င်ဆုံးဖြတ်မှရမယ့် သဘောမျိုးလားတော့ မသိဘူးပေါ့။ အဲဒါတွေပြီးမှ ဒီဆွေးနွေးပွဲတွေက စရမှာ။ အဲဒီဆွေးနွေးပွဲတွေမှာ ကျနော်တို့က တစုံတရာ အဆင့်တခုအထိ လွယ်ကူတဲ့ သဘောတူညီချက်တချို့ရမှ ကျနော်တို့က နောက်ညီလာခံတခုကို ရောက်မှာလေ။ အဲဒီတော့ ဒီဟာကိုစဖို့အတွက် ဆိုတာက လောလောဆယ် သိပ်ကြီးမားတဲ့တိုက်ပွဲတွေ၊ ဒီလို သက်ရောက်မှု အရမ်းများတဲ့ ဟာမျိုးတွေ ဖြစ်နေတယ်ဆိုရင် ဒီဟာစဖို့ဆိုတာ မလွယ်ဘူး။ အဲဒီတော့ လူထုတွေ ဆန္ဒပြတာတွေက အများကြီးရှိတယ်။ တပြည်လုံးတောင် ဖြစ်လာနိုင်တဲ့သဘောရှိတယ် ဆန္ဒပြပွဲတွေက။ ကရင်ပြည်နယ်မှာဆိုရင် ကရင်နိုင်ငံရေးပါတီတွေနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေက အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို ပြင်ဆင်တဲ့ အကြိုညှိနှိုင်းပွဲတွေလုပ်ဖို့ ပြင်ဆင်ပြီးသား။ လုပ်ဖို့ ပြင်ဆင်နေကြတာပေါ့နော်။ ခုဆိုရင် နောက်ပြန်ဆုတ်လိုက်တယ်။ ဒါမျိုးလေးတွေလည်း ရှိတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒါက ဒီအခြေအနေက ကျနော်တို့ ရပ်မှဖြစ်မယ်။ ခုနပြောသလိုပေါ့နော်။ စစ်ပွဲတွေက ရှိနေမှာပဲဆိုတာ ယေဘုယျသဘောကို ပြောတာ။ အန်စီအေ မထိုးထားရင်။ ဒါပေမယ့် သိပ်ကြီးကျယ်နေလို့ကတော့ မဖြစ်ဘူး။ သိပ်ကြီးကျယ်နေရင်တော့ ကျနော်တို့ ဆုံးရှုံးနစ်နာမှုကတော့ ဖြစ်လာမှာပဲ။ အဲဒီတော့ နောက်တကြိမ် ကျနော်တို့ ညီလာခံမစနိုင်ဘဲ ဖြစ်သွားလိမ့်မယ်။ ဆိုတဲ့အခါကျတော့ သိပ်အတိုင်းအတာမလွန်ခင်မှာ ကျနော်ထင်တာကတော့ နှစ်ဘက်လုံးက အလေးအနက်ထားပြီးတော့ လုပ်သင့်ပါတယ်။ မဟုတ်ရင်လည်း အစိုးရပဲ အကျပ်အတည်းရောက်မှာ။ အစိုးရကို အကျပ်အတည်းဖြစ်စေမှာ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကျပ်အတည်းဖြစ်စေမယ်။ ဒီလို ဖြစ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ဆရာ။ ငြိမ်းချမ်းရေးကို ပြန်ဦးတည်မယ့် ဘယ်လိုအလုပ်မျိုး အဓိက ဦးစားပေးလုပ်သင့်လဲ ဆိုတာလေးကို ဆရာ နောက်ဆုံးအနေနဲ့ မှတ်ချက်ပေးပါဦးခင်ဗျ။” ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒီကိစ္စက ရှင်းပါတယ်၊ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်။ နှစ်ချက်ပဲလိုတာပါ။ တချက်က နှစ်ဘက် စစ်ရပ်စဲကြဖို့။ နောက်တချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးကို တပ်မတော်က လက်ခံဖို့။ အဲဒီနှစ်ချက် ပြေလည်တယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်စလို့ရတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ အဲဒီနှစ်ချက်အပေါ်မှာ ကျနော်တို့ ဒီကိစ္စက အစိုးရအနေနဲ့ကလည်း တပ်မတော်ကို တိုက်တွန်းသင့်တယ်။ နောက်တခုက တပ်မတော်ကလည်း ဒီကိစ္စကို ငြိမ်းချမ်းရေးအကျိုး၊ တပြည်လုံးရဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ထောက်ထားသောအားဖြင့် စဉ်းစားပြီးတော့ ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ကျနော် ပြောချင်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024