ဒုတိယအကြိမ် စကားစစ်ထိုးပွဲတွင် ဒေါ်နယ်ထရမ့်က ကလင်တန် ဇနီးမောင်နှံကို အပြင်းအထန် တိုက်ခိုက်

ဓာတ်ပုံ- ရိုက်တာ
အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရမ့်က သူ အမျိုးသမီးတွေကို ချိုးနှိမ်ပြောဆိုခဲ့မှု စွပ်စွဲချက်ကို ကာကွယ်ခဲ့ပြီး ဟီလာရီကလင်တန်တို့ ဇနီးမောင်နှံကို အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမော်ကား လုပ်ခဲ့တယ်လို့ ဟီလာရီက စွပ်စွဲမှုတွေကို ဒေါ်နယ်ထရမ့်က ငြင်းဆန်ခဲ့ပြီး သူ့ရဲ့အမျိုးသား သမ္မတဟောင်း ဘီလ်ကလင်တန်လောက် အမျိုးသမီးတွေကို စော်ကားတဲ့လူ အမေရိကန်နိုင်ငံရေးမှာ မရှိဘူးလို့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ဟီလာရီကတော့ သူ့ရဲ့အမျိုးသား ဘီလ်ကလင်တန်ကိစ္စ တုံ့ပြန်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘီလ်ကလင်တန်ဟာ သူ သမ္မတသက်တမ်းအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ တရားစွဲဆိုခံရခြင်း မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဒေါ်နယ်ထရမ့် အမျိုးသမီးတွေအပေါ် စော်ကားပြောဆိုတဲ့ ဗွီဒီယို ထွက်ပေါ်လာအပြီး ရီပတ်ဘလစ်ကန်ပါတီ ထိပ်တန်းခေါင်းဆောင် အနည်းဆုံး ၃၃ ယောက်လောက် ဒေါ်နယ်ထရမ့်အပေါ် ထောက်ခံမှု ပြန်ရုပ်သိမ်းခဲ့ကြပြီး အဲလိုပြောဆိုမှုဟာ ဒေါ်နယ်ထရမ့်ရဲ့ သရုပ်မှန်ဖြစ်တယ်လို့ ဟီလာရီက ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားစစ်ပွဲကိစ္စ၊ ရုရှားက ရန်ရှာလာတဲ့ကိစ္စ၊ ဒေါ်နယ်ထရမ့် နှစ်အတော်ကြာ အခွန်ရှောင်လာခဲ့တဲ့ကိစ္စနဲ့ အကြမ်းဖက်မှု အပြင်းအထန် ဖြစ်ပွားနေတဲ့ နိုင်ငံက ဒုက္ခသည်တွေကို တင်းတင်းကျပ်ကျပ် စိစစ်မယ့်ကိစ္စတွေကို သမ္မတလောင်း ၂ ဦးတို့ အကြိတ်အနယ်နဲ့ အပြန်အလှန် ချေပပြောဆိုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up