ရခိုင်နယ်ခြားစောင့်စခန်းများ စီးနင်းတိုက်ခိုက်မှု ကြံ့ခိုင်ရေးပါတီ ကန့်ကွက်ရှုတ်ချ
DVB
·
October 10, 2016
ရခိုင်ပြည်နယ်တွင်း နယ်ခြားစောင့် ကင်းစခန်းတွေကို အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သဘောထား ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွင်းက နယ်ခြားစောင့် ကင်းစခန်းတွေကို အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံခဲ့ရလို့ ရဲဝန်ထမ်း ၉ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ စနစ်တကျစီစဉ်ပြီး အချိန်ကိုက် စီးနင်းတိုက်ခိုက်မှုမျိုး ဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ကို အစောဆုံးဖော်ထုတ်ပြီး လိုအပ်သလို ဆောင်ရွက်ဖို့လည်း အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်လုံခြုံရေး အမျိုးသားရေးအမြင်တို့နဲ့ စောင့်ကြည့်နေမယ်လို့လည်း ကြံ့ခိုင်ရေးပါတီရဲ့ အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။