သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်း (Queensland) ပြည်နယ်ကမ်းလွန်မှာ မိခင်ဝေလငါးတကောင် သောင်တင်နေတာကို သူ့ရဲ့ကလေး ဝေလငါးလေးက မိခင်ဝေလငါး လွတ်မြောက်သွားတဲ့အထိ ကူညီဖေးမပေးခဲ့တာကို ဗွီဒီယိုမှတ်တမ်း ရိုက်ယူနိုင်ခဲ့ပါတယ်။
အခုလို ဝေလငါး ၂ ကောင် ကြိုးစားရုန်းကန်နေကြတာကို ဘရစ်ဘိန်း (Brisbane) မြို့အရှေ့ဘက် မိုင် ၅၀ လောက်က မြောက်စထရက်ဘလုပ်ခ် (North Stradbroke) ကျွန်းနားမှာ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တာပါ။
မိခင်ဝေလငါး လွတ်မြောက်သွားချိန်အထိ ဝေလငါးသားအမိ မိနစ် ၄၀ လောက် ကြိုးစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ကွင်းစ်လန်းပြည်နယ် ဥယျာဉ်နဲ့ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာနက ဒီဝေလငါးသားအမိကို ကယ်ဆယ်ဖို့ အဖွဲ့ငယ်တဖွဲ့စေလွှတ်ခဲ့ပေမယ့် သူတို့မရောက်ခင် ဒီရေမြင့်တက်လာတာနဲ့ ဝေလငါးသားငယ်ရဲ့ ကြိုးစားမှုနဲ့ ပြန်လွတ်သွားကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
အခုလို ဧပြီလနဲ့ နိုဝင်ဘာလကြားမှာ သြစတြေးလျနိုင်ငံ၊ အရှေ့ဘက်ကမ်းလွန်ကို ဝေလငါးတွေ ပြောင်းရွှေ့လာရောက်ကြပြီး သားဖွားပြီးချိန်မှ အန္တာတိက သမုဒ္ဒရာဘက် ပြန်လည်ထွက်ခွာကြတာ ဖြစ်ပါတယ်။