Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်စွဲဆိုတဲ့ တရားရုံးမထေမဲ့မြင်မှုကို စစ်ဆေးဖို့ တရားရုံးကလက်ခံ
ဒေါ်အောင်ဆန်းစုကြည်စွဲဆိုတဲ့ တရားရုံးမထေမဲ့မြင်မှုကို စစ်ဆေးဖို့ တရားရုံးကလက်ခံ
အေးနိုင်
·
October 29, 2011
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကိုဦးအောင်ဆန်းဦး အပါအဝင် လူပုဂ္ဂိုလ်သုံးဦးအပေါ် တရားရုံးမထေမဲ့မြင်မှုနဲ့ စွဲဆိုထားတဲ့အမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ကြားနာစစ်ဆေးဖို့ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့က လက်ခံလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အကို ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၊ ဂျာနယ်ထုတ်ဝေသူ ဝဏ္ဏကျော်ထင် ဦးလှမြင့်တို့အပေါ် စွဲဆိုတဲ့အမှုကို ဒီလ ၂၇ ရက်နေ့မှာ လက်ခံရေး လျှောက်လဲချက် ပေးခဲ့ပြီး နောက်တနေ့မှာ အမှုလက်ခံလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားရုံးချုပ်ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
အမှုကို လက်ခံပြီးတဲ့အတွက် ဦးအောင်ဆန်းဦးနဲ့ ဦးမြတ်ခိုင်တို့ထံကို နို့တစ်စာ ပေးပို့ပါလိမ့်မယ်လို့ သူက ပြောပါတယ်။
အမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေတဲ့ ရန်ကုန်မြို့ ရွှေတောင်ကြား ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ အိမ်အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ပိုင်ဆိုင်မှုနဲ့ စပ်လျဉ်းတဲ့အမှုကို တရားရုံးက တစုံတရာ အမိန့် မချမှတ်ခင် မော်နီတာဂျာနယ်နဲ့ ဦးအောင်ဆန်းဦးတို့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးအောင်ဆန်းဦးက အမှုနိုင်ပြီး ဖြစ်ကြောင်း ပြောဆိုချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲပြောဆိုချက်တွေ ဖော်ပြခဲ့တဲ့အတွက် တရားရုံးကို မထေမဲ့မြင် ပြုမူမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။