အိမ်ခြေမဲ့ ၃ ဦးကို သတ်ခဲ့သူဟု သံသယရှိသူကို ထိုင်းရဲ ဖမ်းဆီး

အောက်တိုဘာလ ၄ ရက်နဲ့ ၆ ရက်မှာ ထိုင်းအိမ်ခြေမဲ့ ၃ ဦးကို သတ်ခဲ့တယ်လို့ သံသယရှိသူ အိမ်ရာမဲ့တဦးကို ရဲတွေကဖမ်းမိသွားပြီလို့ဆိုပါတယ်။ ဒီလူဟာ စီစီတီဗွီမှာ တွေ့ခဲ့တဲ့အင်္ကျီနဲ့ ဘောင်းဘီကိုပဲ ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီအပတ်ထဲအတွင်းမှာပဲ သတ်ခံရသူ ထိုင်းလူမျိုး ၃ ဦးထံမှ သတ်သူရဲ့ DNA ကို ရဲတွေက ရရှိခဲ့ပြီး ရဲတွေကတော့ သတ်သူဟာ တဦးတည်းဖြစ်မယ်လို့ ယူဆနေကြတာပါ။ သတ်ခံရသူ အသက် ၃၈ နှစ်အရွယ် အိမ်ခြေမဲ့အမျိုးသမီးကိုလည်း သတ်သူက လိင်ပိုင်းဆိုင်ရာကျူးလွန်တာ ဒါမှမဟုတ် အဓမ္မပြုကျင့်ခဲ့ပုံရတဲ့ သက်သေတွေလည်း တွေ့တယ်လို့ ရဲတွေက ဆိုပါတယ်။ အလောင်းတွေပေါ်နဲ့ သေသူတွေရဲ့ အဝတ်အစားတွေက ရရှိတဲ့ မျိုးရိုးဗီဇတွေကိုတော့ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေလုပ်နေဆဲလို့ သိရပါတယ်။ ရဲတွေကတော့ တရားခံဟာ လူသတ်မှုကျူးလွန်နေတုန်း မူးယစ်ဆေးဝါး သုံးစွဲထားတယ်လို့လည်း ယူဆနေပါတယ်။ ဒီလူသတ်မှု ကျူးလွန်သူရဲ့ သတ်ဖြတ်ပုံဟာ ပြီးခဲ့တဲ့လက ဥထုံဌာနီနဲ့ နောင်ဘွားလမ်းဖုမှာ ရွာသားတွေသတ်ဖြတ်ခံရပုံနဲ့ တူနေတယ်လို့လည်း ရဲကပြောပါတယ်။ အဲဒီမှာတော့ ရွာသား ၁ ဦးဟာ ခန္ဓာကိုယ်တွေအပိုင်းပိုင်းဖြတ် သတ်ခံရပြီး နောက်ရွာသား တယောက်ကတော့ ခေါင်းဖြတ်သတ်ခံခဲ့ရတာပါ။ ဒီလူသတ်သံသယရှိသူဟာ မူးယစ်ဆေးဝါးသုံးစွဲထားလို့ ဒီလိုကျူးလွန်ခဲ့တယ်လို့ ရဲအရာရှိတဦးက ဆိုပါတယ်။ သက်သေတွေရဲ့အဆိုအရ သံသယရှိသူဟာ အရပ် ၁၆၀ စင်တီမီတာလောက်ရှိပြီး အခင်းဖြစ်ပွားတဲ့နေရာနားမှာ စက်ဘီးစီးပြီး သတ်ခံရသူတွေနဲ့ အရက်တောင် အတူသောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်သက်သေတဦးကတော့ သံသရှိသူကို လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ ဒီဝန်းကျင်မှာ စက်ဘီးစီးပြီး သွားလေ့သွားထရှိတယ်လို့ပြောပါတယ်။ ရဲကလည်း ဒီသံသယရှိသူ စက်ဘီးစီးပြီး သွားနေတဲ့ပုံကို စီစီတီဗွီကင်မရာတွေကနေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up