Home
မြန်မာသတင်း
အရက်ခွက်ထဲ နစ်သေတဲ့သူက ပိုများနေဟု လွှတ်တော်အမတ် ပြော
DVB
·
October 6, 2016
မြစ်တွေ ချောင်းတွေမှာ နစ်သေတဲ့သူထက် ခွက်ထဲ နစ်သေတဲ့သူက ပိုများနေပြီလို့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ဒီနေ့ လွှတ်တော် အစည်းအဝေးပွဲမှာ ပြောခဲ့ပါတယ်။ သူက အရက်များထုတ်လုပ်ရောင်းချခြင်းနှင့် တရားမဝင် အရက်ဆိုင်၊ ထန်းရည်ဆိုင်များကို စနစ်တကျ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းမေးရင်း ထည့်သွင်း ပြောခဲ့တာပါ။ “ဘီအီးလို အရက်ဆီမျိုးကို ဈေးနှုန်းချိုသာစွာ အလွယ်တကူဝယ်ယူရရှိပြီး မိမိအိမ်မှာ ဖြစ်သလို ရေနဲ့ ချက်ခြင်းစပ် ချက်ခြင်းသောက်သဖြင့် သက်တမ်းစေ့ မနေရတော့ပါ။ အမှန်က ရေချက်အေးနဲ့ စပ်ပြီး ၇၂ နာရီကြာ ထားပြီးမှ သောက်ရမယ့်အစား ချက်ခြင်းသောက်သဖြင့် ဘီအီး သောက်သုံးသူအများစု သေဆုံးနေရခြင်း ဖြစ်ပါတယ်။ သောက်သုံးသူအများစုဟာ ဆင်းရဲသား အများစု ဖြစ်ပါတယ်။ ဒါတွေရဲ့ အဓိက ပြဿနာက ဘာလဲဆိုတော့ ပညာဗဟုသုတ နည်းပါးခြင်း၊ စီးပွားရေးအဆင်မပြေခြင်းတို့အပြင် အလွယ်တကူ ရရှိပြီး ဈေးနှုန်းချိုသာသော အရက်များကို ချဉ်ချဉ်တူးတူး မူးပြီးရော သောက်သုံးနေခြင်း ဖြစ်ပါတယ်။ တချို့က ပြောနေပါတယ်။ မြစ်တွေ ချောင်းတွေမှာ နစ် သေတဲ့သူထက် ခွက်ထဲ နစ် သေတဲ့သူက ပိုများနေပြီ။” မေးခွန်းနဲ့ပတ်သက်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်နယ်တိုင်း ခရိုင်မြို့နယ် အဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းထားတဲ့ စိစစ်ကြပ်မတ်ရေးအဖွဲ့ Task Force တွေနဲ့ အလေးအနက်ထား စစ်ဆေးကြပ်မတ်လုပ်ဆောင်သွားမယ်လို့ ဖြေကြားသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024