အင်းဝအပ်ချုပ်ဆိုင်အမှု ရှေ့နေများ ရောက်မလာတာကြောင့် ရုံးချိန်း ရွှေ့ဆိုင်း
အာကာ
·
October 6, 2016
အိမ်အကူမိန်းကလေး ၂ ဦးကိုညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုထားတဲ့ အင်းဝ အပ်ချုပ်ဆိုင်က မိသားစုဝင် ၆ ဦးရဲ့အမှုကို ဒီနေ့မှာ တရားလိုပြ သက်သေစစ်ဆေးဖို့ အနောက်ပိုင်းခရိုင်တရားရုံးက ချိန်းဆိုခဲ့ပေမယ့် မစစ်နိုင်ခဲ့ပါဘူး။
ဒီနေ့ရုံးချိန်းမှာ တရားစွဲခံထားရသူ ၆ ဦးထဲက သီရိလတ်ရဲ့ ရှေ့နေနဲ့ ဦးကိုလတ်၊ တင်မင်းလတ်တို့ရဲ့ ရှေ့နေတွေပဲရောက်လာခဲ့ပြီး ဒေါ်တင်သူဇာ၊ စုမွန်လတ်၊ ရာဇာထွန်းတို့ရဲ့ရှေ့နေတွေ ရောက်မလာတဲ့အတွက် ရုံးချိန်းကို အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။
အနောက်ပိုင်းခရိုင်တရားသူကြီးက ဒီအမှုဟာ အမှုကြီးဖြစ်တဲ့အတွက် ရှေ့နေ လိုကြောင်း၊ ရှေ့နေမငှားနိုင်ရင် အစိုးရက ငှားပေးမှာဖြစ်ကြောင်း၊ လာမယ့် ရုံးချိန်းကိုတော့ မဖြစ်မနေ စစ်ဆေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။