Home
မြန်မာသတင်း
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်း ဖြတ်ညှပ်ကပ်ထားဟု ဦးစိုးသိန်း ပြော
ရွှေအောင်
·
October 6, 2016
“နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း” ဟာ အမေရိကန်ဥပဒေတခုကို ဖြတ်ညှပ်ကပ်လုပ်ထားပြီး ဥပဒေပြုမရတဲ့ ဥပဒေကြမ်းတခု ဖြစ်တယ်လို့ ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၉ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ကြပြီး အရင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်း ဦးစိုးသိန်းက ခုလို ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ “ဒီဥပဒေကြမ်းကို ရေးဆွဲသူများဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံမူ ဖြည့်စွက်မှု ၄ လူ့အခွင့်အရေးကြေညာစာတမ်း ပုဒ်မ ၁၂ တို့ကို အခြေခံထားကြောင်း သုံးသပ် နိုင်ပါတယ်။ သို့ရာတွင် အကျိုးစီးပွားတခုကို ဦးတည်ပြီး ဖြတ်ညှပ်ကပ် ယူထားတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီ ဥပဒေမူကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၆ နဲ့ တပိုင်းတစအားဖြင့် ဆန့်ကျင်နေတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၄၄၆ အရ ဥပဒေပြုမရသော ဥပဒေမူကြမ်းတခု ဖြစ်ပါတယ်။” ဒီ ဥပဒေမူကြမ်းကို လွှတ်တော်က အတင်းအကျပ် အတည်ပြုခဲ့ရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပျက်ပြယ်မယ့် ဥပဒေဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ဦးစိုးသိန်းဟာ သူ ကိုးကားပြောသွားတဲ့ ပုဒ်မတွေနဲ့ ဆန့်ကျင်ပြီး ပြောသွားတယ်လို့ မှတ်ချက်ပေးပါတယ်။ “သူ ကိုးကားတဲ့ ပုဒ်မ ၃၇၆ က ရဲ အနေနဲ့ လူတယောက်ကို ၂၄ နာရီထက် ပို မချုပ်ရဘူးဆိုတဲ့ ဟာ၊ ၃၇၆ရဲ့ အဓိကရည်ရွယ်ချက်က တရားသူကြီးရဲ့ အခွင့်အမိန့် မရဘဲ လူတယောက်ကို ၂၄နာရီထက် ပို ပြီး မချုပ်ရဘူးလို့ ပြောတာ၊ ကိုးကားတဲ့ ဥပဒေက ပြောင်းပြန်ဖြစ်နေတယ်။ ၃၇၆ ဥပဒေအရ ဒီလို ဥပဒေမျိုးကို ပြဌာန်းတာ မှန်တယ်။ သူက အဲ့ဒါကို ၃၇၆နဲ့ ငြိစွန်းတယ်လို့ ပြောတဲ့အတွက် တည်းတည့်ကို လွဲနေတယ်လို့ မြင်တယ်။ နောက်တခု သူကိုးကားတဲ့ ပုဒ်မ ၄၄၆ က တည်ဆဲဥပဒေတခုခုဟာ ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးဘူးဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်သမျှ အတည်ဖြစ်တယ်။” ပုဒ်မ ၄၄၆အရ ဥပဒေတခုခု အလိုလို ပျက်ပြယ်မသွားနိုင်ဘဲ ဖွဲ့စည်းပုံခုံးက ဆုံးဖြတ်မှ ပျက်ပြယ်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို စက်တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက တင်သွင်းခဲ့တာဖြစ်ပြီး ဥပဒေကြမ်းမှာ အခန်း ၆ ခုနဲ့အပိုဒ် ၁၅ ပိုဒ် ပါရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး အခု အမျိုးသားလွှတ်တော်မှာ ဆက်လက် ဆွေးနွေးနေတာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကတော့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်စိစစ်ဖို့ အဆုံးအဖြတ် ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024