Home
မြန်မာသတင်း
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ပိတ်
DVB
·
October 5, 2016
အိန္ဒိယ- မြန်မာနယ်စပ်မှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် နယ်စပ်ဂိတ်တွေ ပိတ်ထားလိုက်တယ်လို့ အိန္ဒိယ သတင်းတွေမှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က နယ်စပ်မြန်မာဘက်ခြမ်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မဏိပူအခြေစိုက် ကေစီပီ ကွန်မြူနစ်သူပုန်တပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ တရက်ထဲမှာပဲ အိန္ဒိယဘက်ခြမ်း မဏိပူဒေသရှိ မွတ်စလင်ကျေးရွာတခု အနီးမှာလည်း အင်အားပြင်းဗုံးပေါက်ကွဲမှု တခုလည်းဖြစ်ပွားခဲ့တာပါ။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် မဏိပူနယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုတွေ တနင်္လာနေ့ မွန်းလွဲပိုင်းကတည်းက ရပ်ဆိုင်းထားတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီးရှိ နန်းဖာလုံဈေးရှေ့ဂိတ်အမှတ် ၂ ကိုလည်းပိတ်ထားတဲ့ အတွက် အရောင်းအ၀ယ်တွေအေးနေပြီး အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ အချိန်ဘယ်လောက် ကြာမယ်ဆိုတာ မသေချာဘူးလို့ ဈေးမှာဈေးရောင်းတဲ့သူတဦးက ပြောပါတယ်။ အိန္ဒိယအစိုးရကို လက်နက်ကိုင်ပုန်ကန်နေတဲ့ သူပုန်အဖွဲ့တွေ အခြေပြုလှုပ်ရှားနေတဲ့ အိန္ဒယ မြန်မာနယ်စပ်မှာ အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလက ပစ်ခတ်မှု တကြိမ်၊ မတ်လမှာ ပေါက်ကွဲမှု နှစ်ကြိမ်နဲ့ မေလမှာ ပေါက်ကွဲမှု တကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024