တောင်အာဖရိကတွင် ဆန္ဒပြ ကျောင်းသားများကို ရဲတပ်ဖွဲ့ ဖြိုခွဲ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ မြို့တော် ဂျိုဟန်နစ်ဘာ့ဂ်မြို့မှာ ကျူရှင်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် ဆန္ဒပြလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ၊ မေ့ဆေးသေနတ်တွေ အသုံးပြုပြီး ဖြိုခွဲခဲ့ကြပါတယ်။ အောက်တိုဘာ ၄ ရက်နေ့က ၀စ်တ်စ်တက္ကသိုလ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်အတွင်း ကျောင်းသား ၂ ဦးကို ဖမ်းဆီးခဲ့ပြီး တခြားကျောင်းသားတဦးနဲ့ ၀န်ထမ်းတဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ အယ်လ်ဂျားဇီးယား သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါဟာ ၀စ်တ်စ်တက္ကသိုလ်အပါအ၀င် ကျန်တဲ့ ကျောင်းတွေမှာ တက်ရောက်သင်ယူနေကြတဲ့ ကျောင်းသားတွေအကြား ပြီးခဲ့တဲ့လကတည်းက ဆူပူအုံကြွမှုတွေ ဖြစ်နေခဲ့ပြီး ကျောင်းတွေ ပိတ်ထားခဲ့ရတာပါ။ ဆန္ဒပြသူကျောင်းသားတွေက တောင်အာဖရိကနိုင်ငံရဲ့ မညီမျှမှု ကွာဟချက်ကို ကူညီနိုင်ဖို့ သူတို့အနေနဲ့ တက္ကသိုလ်ပညာရေးကို အခမဲ့ဖြစ်စေလိုတာလို့ ပြောပါတယ်။ “ဆင်းရဲတဲ့ ကျောင်းသားတွေသာ အစိုးရရဲ့ ပညာသင်ချေးငွေကို ရနိုင်တာပါ။ ဒါပေမယ့် သူတို့ဟာ ကျောင်းပြီးချိန် လုပ်ငန်းခွင်ထဲ ရောက်သွားချိန် မိသားစုကို ပြန်ထောက်ပံ့ရချိန်မှာ ချေးငွေကိုလည်း ပြန်ဆပ်နေရတော့ ဒါဟာ သူတို့အတွက် ၀န်ထုပ်ဝန်ပိုး ၂ ဆ ဖြစ်စေပါတယ်။ သူတို့က ဒါကို တရားမ၀င်ခွန်လို့ ပြောကြတယ်” လို့ အယ်လ်ဂျာဇီးယား သတင်းစာမျက်နှာ တန်ညာမှာ ဖော်ပြပါတယ်။ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က သမ္မတ ဂျက်ကော့ဘ် ဇူးမားနဲ့ တွေ့ဆုံပွဲမှာ သူ့ရဲ့ ပြောဆိုဆက်ဆံပုံကို သဘောမကျခဲ့ဘူးလို့ ဆိုပါတယ်။ ဆန္ဒပြ ကျောင်းသားခေါင်းဆောင် ဖာရှီဟာ ဟက်ဆန်က “ကျနော်တို့ ရောက်သွားချိန်မှာပဲ သမ္မတဟာ ထုတ်ပြန်ချက်တခုကိုဖတ်ပြီး ထွက်သွားခဲ့တယ်။ ဒါကို အရေးတကြီး မပြောခဲ့ကြပါဘူး။ ကျနော်တို့အနေနဲ့ လမ်းမပေါ် ဘယ်သူကမှ အပျော်မထွက်ချင်ကြပါဘူး။ ကျနော်တို့ ပြောချင်တာကို နားထောင်ဖို့ ဒီနည်းလမ်းတခုပဲ ရှိလို့ပါပဲ” လို့ ပြောပါတယ်။ အာဖရိကအမျိုးသားကွန်ဂရက် (အေအန်စီ) ဟာ သူတို့ပါတီဟာ အနိုင်ရရှိခဲ့ရင် အခမဲ့ပညာရေးစနစ်၊ အခမဲ့အိမ်ရာစနစ်၊ အခမဲ့ကျန်းမာရေးစနစ်တွေ ဖြစ်စေရမယ်လို့ အာမခံထားခဲ့ပေမယ့် တကယ်တမ်း လုပ်မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ ကျောင်းသားတွေရဲ့ ကျူရှင်စရိတ်တွေကို ကာမိအောင် တိုးမြှင့်ပေးနိုင်လိမ့်မယ်လို့ အစိုးရက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up