ရဲအရာရှိဟန်ဆောင်ကာ ပြန်ပေးဆွဲရန် ကြိုးစားသူ ၃ ဦး ရုပ်သံဖိုင်ပျံ့နှံ့

ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်ထဲက အိမ်တအိမ်ထဲကို ရဲအရာရှိတွေဟန်ဆောင်ကာ ၀င်ရောက်ခဲ့ပြီး အမျိုးသားတဦးကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့သူ ၃ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ အသက် ၃၀ အရွယ် သနွန်ဆက်ခ် လန်နွန် နေအိမ်မှာ ရှိနေချိန် ရဲအရာရှိ ၀တ်စုံဝတ်ဆင်ထားသူတဦးပါဝင်တဲ့ လူ ၃ ဦးပါ ပြန်ပေးသမားတွေ ၀င်ရောက်လာခဲ့ပြီး အမိန့်အရ ရဲစခန်းကို လိုက်ခဲ့ဖို့လိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ လက်ထဲမှာ လက်နက်တွေ ကိုင်ဆောင်ထားခဲ့ပြီး စကားအခြေအတင်ဖြစ် နေကြချိန်မှာ ရဲတွေမဟုတ်ကြောင်း သိရှိသွားခဲ့တဲ့အတွက် ထွက်ပြေးသွားခဲ့ကြတယ်လို့ ခေါင်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သူ့ရဲ့ ခယ်မဖြစ်သူက ရိုက်ကူးခဲ့တာဖြစ်ပြီး အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေခဲ့ချိန်မှာ ပျံ့နှံ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ရဲတွေဟာ အဆိုပါ လက်နက်ကိုင်အမျိုးသား ၃ ဦးကို ရှာဖွေနေ ကြတာပါ။ သနွန်ဆက်ခ်က “ကျနော် အရမ်းကြောက်သွားခဲ့တယ်။ ကျနော် ဘယ်သူနဲ့မှ ပြ ဿနာမဖြစ်ခဲ့ပါဘူး”လို့ ရဲတွေကို ပြောခဲ့ပါတယ်။ ဖန်သောင်ရဲစခန်းမှာ စခန်းမှူး ပရီချာ ဆွမ်ဆာသန်ကတော့ “ကျနော်တို့ သေချာအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ သူတို့သာ တကယ့်ရဲအရာရှိတွေဆိုရင် ရှာဖွေခွင့် ဖမ်းဝရမ်းစာ ပါရမှာပါ။ ဒါပေမယ့် သူတို့မှာ ဘာမှမပါဘူး”လို့ ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရဲအရာရှိဝတ်စုံဝတ်ဆင်ထားသူတဦးနဲ့ အရပ်ဝတ် ၂ ဦးပါဝင်ကာ သနွန်ဆက်ခ်ကို “လာပါ။ လာခဲ့။ လာ။ နောက်မှ ဆက်ပြောကြစို့” လို့ ပြောပြီး ခေါ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်တော့ ရုပ်သံရိုက်ကူးနေတဲ့ ဘက်ကိုလှည့်ပြီး “မရိုက်နဲ့”လို့ အော်ဟစ် တားမြစ်ခဲ့တာကို တွေ့ရပါတယ်။ ရဲစခန်းမှာတော့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာပါတဲ့ ရဲအရာရှိဟာ ရှိမနေဘူးလို့ ဆိုပါတယ်။ ရုပ်သံဗွီဒီိယိုကို ရိုက်ကူးခဲ့သူ ချက်တ်မန်နီကတော့ ဒါဟာ ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ တာလို့ ယုံကြည်နေပြီး “တကယ်လို့များ ကျမ ခုလိုမရိုက်ခဲ့ဘူးဆိုရင် သူတို့ကျမရဲ့ ခဲအိုကို ခေါ်သွားကြမှာလေ။ ဘယ်သူတွေ ကူညီနိုင်မလဲရှင့်”လို့ ပြောလိုက်တာပါ။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေမှုအကြိမ်ရေ ၁ သောင်း ၃ ထောင်ကျော်ရှိသွားခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up