Live
Home
မေးမြန်းခန်း
အမေတွေက အသံမကြားဘဲနဲ့ တိတ်တိတ်လေး နေ့တိုင်း ၈ ယောက်သေနေ - ဒေါက်တာလှလှအေး
နော်နိုရင်း
·
October 4, 2016
မြန်မာနိုင်ငံမှာ နေ့စဉ် အမျိုးသမီး ၈ ဦးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ မွေးဖွားစဉ်ကာလမှာ သေဆုံးနေတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာလှလှအေးက ပြောပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ မွေးဖွားစဉ်ကာလတွေ သေဆုံးမှု တနှစ်ကို ၂၈၀၀ ရှိနေပြီး အမျိုးသမီးငယ် သေဆုံးမှုနှုန်းကတော့ ၅ ဦးမှာ ၁ ဦး ကိုယ်ဝန်ဆောင်စဉ် သေဆုံးကြတာ ဖြစ်ပါတယ်။ ဒီစာရင်းဟာ ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာအရ ပြုစုထားတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကိုယ်ဝန်ဆောင်နဲ့ မွေးဖွားစဉ် မိခင်သေဆုံးမှု မြင့်မားနေတာဖြစ်ပြီး ပညာပေးမှုတွေ၊ သားဆက်ခြားပညာပေးတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဒေါက်တာလှလှအေးက ပြောပါတယ်။ အသက်ငယ်ရွယ်တဲ့ မိခင်တွေ သေဆုံးနေရတာနဲ့ ပတ်သက်ပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ဒေါက်တာလှလှအေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - မြန်မာနိုင်ငံတွင်း မိခင်သေဆုံးမှု အခြေအနေက ဘယ်လောက်ရာခိုင်နှုန်းရှိလဲ။ ဖြေ - ရာခိုင်နှုန်းအနေနဲ့ မတွက်ပါဘူး။ သူက တိုင်းထွာတာက ဒီလိုတိုင်းထွာပါတယ်။ အရှင်မွေး တသိန်းမှာက မြန်မာနိုင်ငံမှာ ၂၈၂ ဦးရှိတယ်။ ဆိုလိုတာက ကလေးအရှင်မွေး တသိန်းမှာ မိခင်သေနှုန်း ၂၈၂ ဦး၊ ဆိုလိုသည်မှာ အမျိုးသမီး ၈ ယောက်ဟာဆိုရင် မြန်မာနိုင်ငံမှာ နေ့တိုင်းနေ့တိုင်း သေနေတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်းနဲ့ ပတ်သက်ပြီးတော့ ၈ ယောက် နေ့တိုင်းနေ့တိုင်း သေနေတယ်ဆိုတာ တော်တော်များပါတယ်။ ဒါကြောင့်မို့ မိခင်များ ထပ်ပြီးတော့ မသေအောင် ကျမတို့တွေက ကာကွယ်တားဆီးတဲ့နည်းလမ်းတွေ အများကြီးရှိတယ်။ သားဆက်ခြားခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်ပြီးရင် မိန်းမတွေက သူတို့လိုချင်တဲ့အခါပဲ ကလေးယူမယ်။ သူတို့ကိုယ်ခန္ဓာ မကျန်းမာသေးဘူး၊ စီးပွားရေး၊ လူမှုရေးအရ မပြေလည်သေးဘူးဆိုရင် ကိုယ်ဝန်မဆောင်ဘဲ တားလို့ရပါတယ်။ နည်းလမ်းတွေလည်း အမျိုးစုံရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာဆိုရင် ဆေးဝါးနဲ့ ပစ္စည်းတွေရရှိဖို့ ပံ့ပိုးနေတာဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေက ကျန်းမာရေး အသိပညာ ရှိဖို့လိုတယ်။ ဥပမာ ဘတ်စ်ကား ၆၂ စီး တခါတည်းတိုက်ပြီးတော့ အမေတွေ ၂၈၀၀ လောက် သေတယ်ဆိုရင် သတင်းစာအရှေ့မျက်နှာဖုံးမှာ ပါမှာပဲ။ မဟုတ်ဘူးလား။ ဒါပေမယ့် အမေတွေက ဘာမှ အသံမကြားဘဲနဲ့ တိတ်တိတ်လေး သေနေတာ၊ နေ့တိုင်း ၈ ယောက် သေနေတာ။ ဒါကြောင့်မို့ အရေးကြီးတယ်။ ဆင်းရဲတဲ့ အမျိုးသမီးတွေပဲ သေတာများတာလေ။ သူဌေးတွေ အကုန်လုံး သားဆက်ခြားတယ်။ ပညာရှိတဲ့မိန်းမတွေက သားဆက်ခြားတယ်။ ပညာမရှိဘူး၊ ကျန်းမာရေးအသိပညာ မရှိဘူး။ ဆင်းရဲနွမ်းပါးတယ်။ သူတို့ ဘယ်မှာ ဆေးတွေရနိုင်ဆိုတာ မသိဘူး။ ဒါကြောင့် ကျမက သိအောင်လုပ်ရမယ်။ ဆေးတွေ၊ ပစ္စည်းတွေက အခမဲ့ရနိုင်တယ်ဆိုတာ အားလုံးသိဖို့လိုတယ်။ မေး - အမျိုးသမီးနဲ့ပတ်သက်တဲ့၊ ကျန်းမာရေးပညာပေးနဲ့ပတ်သက်လို့ သာမန်အမျိုးသမီးတယောက်အနေနဲ့ ဘယ်မှာသွားရင် အချက်အလက်တွေ၊ ပညာပေးမှုတွေ ရရှိနိုင်မလဲ။ ဖြေ - တကယ်တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးပေးခန်းတွေမှာ အကုန်လုံး အခမဲ့ရရှိနိုင်ပါတယ်။ ကျေးလက်ကျန်းမာရေးဆေးကုခန်း ဆိုလို့ရှိရင် အနည်းဆုံး ၃ မျိုးရှိဖို့ အစိုးရအနေနဲ့ ပံ့ပိုးနေတာ ဖြစ်ပါတယ်။ တားဆေးဖြစ်ဖြစ်၊ သောက်ဆေးဖြစ်ဖြစ်၊ ကွန်ဒုံးဖြစ်ဖြစ် ရနိုင်ပါတယ်။ နည်းနည်းမြင့်လာတဲ့ မြို့နယ်ဆေးရုံတွေ၊ ဆေးပေးခန်းတွေမှာဆိုရင် အနည်းဆုံး ၅ မျိုးရှိတယ်။ သောက်ဆေးရှိမယ်၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း ရှိမယ်။ လက်မောင်းအောက်မှာ ထည့်တဲ့ဆေး ဖြစ်နိုင်တယ်။ ကွန်ဒုံးဖြစ်နိုင်တယ်။ အရေးပေါ် သန္ဓေတားဆေး ဖြစ်နိုင်တယ်။ အဲတော့ ပစ္စည်းအမျိုးမျိုးကို အမျိုးသမီးက ရွေးချယ်ပိုင်ခွင့်ရှိတယ်။ သူတို့ကတော့ ဘယ်ဥစ္စာ အားသာချက်ရှိမယ်၊ အားနည်းချက်ရှိမယ်ဆိုတာ သေချာရှင်းပြမယ်။ နောက် အပြင်ဆေးခန်းတွေမှာလည်း အကုန်လုံးသွားလို့ရတယ်။ ပြီးရင် (PSI – Population Service International), MSI-Marie Stopes International နောက် မြန်မာနိုင်ငံ မိခင်နဲ့ကလေးစောင့်ရှောက်ရေး သားဖွားခန်းတွေမှာဆိုရင် ကုန်ကျစရိတ်နည်းနည်းနဲ့ ပညာပေးစာတန်းတွေ ရမယ်။ ဆေးပေးခန်းတွေမှာ သွားလည်း ရပါတယ်။ မေး - နောက်တခု ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာပြည်မှာ အိမ်ထောင်မပြုတဲ့ အမျိုးသမီးဦးရေ အလွန်များပြားနေတယ်ဆိုတဲ့ အစီရင်ခံစာတခု တွေ့ပါတယ်။ ဆိုတော့ အမျိုးသမီးတွေ  အိမ်ထောင်မပြု မနေရဆိုတဲ့ ဥပဒေရှိဖို့ ဆွေးနွေးဖို့ရှိနေတယ်ဆိုတဲ့ သတင်းမျိုးလည်း ထွက်နေတယ်။ ဆရာမအနေနဲ့ ဘာပြောချင်လဲ။ ဖြေ - မြန်မာနိုင်ငံရဲ့ လူဦးရေကို ကြည့်လိုက်တဲ့အခါ သန်းခေါင်စာရင်းအရဆိုရင် တော်တော်ထူးခြားတယ်။ လူဦးရေတိုးပွားတဲ့နှုန်းက မများသေးဘူး။ ၂ ဒသမ ၅ ပဲ ရှိသေးတယ်။ ဆိုလိုတာက အမျိုးသမီးတယောက်မှာ ကလေး ၂ ယောက်ကျော်ကျော်လေးပဲ မွေးတာ။ တကယ်တော့ လူဦးရေကလည်း သိပ်ပြီးတော့ မများဘူး။ မြန်မာနိုင်ငံ ဧရိယာနဲ့ယှဉ်ရင်လည်း လူဦးရေက မများဘူး။ ဘာဖြစ်လို့ မများတာလဲဆိုတော့ မြန်မာနိုင်ငံမှာ မျိုးဆက်တိုးပွားနိုင်တဲ့ အမျိုးသမီးတွေ အပျိုဖော်ဝင်တဲ့အချိန်ကနေစပြီးတော့ ၄၉ နှစ်လောက်အထိ ရှိတဲ့အမျိုးသမီး ၅၂ ရာခိုင်နှုန်းက အိမ်ထောင်မပြုဘူးဆိုတာ တွေ့ရတယ်။ အဲတော့ အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ တအားများတယ်၊ ဆိုတာကြောင့် အမျိုးသမီးတယောက်ကို ၂ ယောက်ပဲမွေးတာ တွေ့ရတယ်။ ဒါပေမယ့် အိမ်ထောင်ပြုတဲ့ အမျိုးသမီးတွေကို လေ့လာလိုက်တဲ့အခါကျတော့ အိမ်ထောင်ပြုတဲ့ အမျိုးသမီးတွေက တယောက်ကို ၄ ယောက်၊ ၅ ယောက်လောက်အထိကို မွေးနေတယ်။  မိခင်သေနှုန်းကို ကြည့်တော့လည်း အာဆီယံမှာ မြင့်နေပြန်ရော။ မြင့်နေတော့ လူဦးရေ ဒီလောက်မတိုးသေးဘဲ သားဆက်ခြားဖို့ လိုရဲ့လားဆိုတော့ လိုတယ်။ သားဆက်ခြားဖို့ လိုတာက မိခင်သေနှုန်းများလို့ လိုတာ။ ဒါပေမယ့် အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေကကော လိင်စပ်ယှက်ခြင်းရှိလား၊ မရှိလားဆိုတာ ကျမတို့ ပြောလို့မရဘူး။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာ အိမ်ထောင်ပြုပြီးသား အမျိုးသမီးတွေကိုလည်း ဦးစားပေးရမယ်။ ဒါပေမယ့် အိမ်ထောင်မပြုသေးတဲ့ ၁၀ ကျော်သက်တွေရော အိမ်ထောင်မယူတဲ့ လူတွေကိုရော စောင့်ရှောက်ဖို့ လိုအပ်တယ်ဆိုတာ ပိုပြီးတော့ ထင်ပေါ်တယ်။ မဖြစ်မနေ အိမ်ထောင်ပြုရမယ် ဆိုတာကတော့ ဒီပေါ်လစီကိုတော့ ကျမတို့ မသိသေးပါဘူး။ အခုမှပဲ ကြားဖူးတာပါ။ နောက်တော့ ဒါကလည်း မြန်မာနိုင်ငံ ကတိက၀တ်ပြုထားတဲ့ လူဦးရေနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာအစည်းအဝေးကို ၁၉၉၄ ခုနှစ်မှာ ကျင်းပသွားတယ်။ အဲဒီအဖွဲ့မှာဆိုရင် အိမ်ထောင်ပြုခြင်း မပြုခြင်း၊ ကလေးယူခြင်း မယူခြင်းဆိုတာ အမျိုးသမီးတွေရဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်။ ဒါမျိုးကို ဘယ်တော့ယူရမယ်၊ မယူရဘူး၊ လူဦးရေကို ကန့်သတ်တယ် ဆိုတာက လူ့အခွင့်အရေးနဲ့ မကိုက်ညီပါဘူး။ မေး - လူငယ်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားဘာများပြောချင်တာ အကြံပြုချင်တာ ရှိဦးမလဲ။ ဖြေ - အခု မိခင်သေနှုန်းကို ကြည့်လိုက်တယ်ဆိုလို့ရှိရင် မိခင်အပြင် ကိုယ်ဝန်ဆောင်မိခင်တွေကို ကြည့်လိုက်တယ်ဆိုလို့ရှိရင် ၁၅ နှစ်ကနေ ၁၉ နှစ်အရွယ်တွေက များတာကို တွေ့ရတယ်။ လူငယ်များ ကိုယ်ဝန်ဆောင်ခြင်း များလာတာကို တွေ့ရတယ်။ မိခင်သေနှုန်း များလာတယ်။ ကြည့်လိုက်ရင် သိပ်ငယ်လွန်းတဲ့ မိန်းကလေးတွေ၊ အသက်ကြီးလွန်းတဲ့ မိန်းကလေးတွေ ၄၅ နှစ်အထက် အမျိုးသမီးတွေမှာ သေနှုန်းက များနေတာ တွေ့ရတယ်။ ကျမတို့ ဒီလူငယ်များ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ သတင်းအချက်အလက်တွေ တိတိကျကျ မှန်မှန်ကန်ကန်ရှိဖို့ လိုအပ်တယ်။ လူငယ်များကို ဘာမှ ဂရုမစိုက် လျစ်လျူရှုလို့ မရတော့ဘူး။ လူငယ်များရဲ့ မျိုးဆက်ပွားကျန်းမာရေး၊ လူငယ်များဟာ သားဆက်ခြားဖို့လိုအပ်ရင် လိုအပ်သလို လုပ်သင့်တယ်။ သိပ်ငယ်ပြီးတော့ အိမ်ထောင်ကျတယ်။ မထင်မှတ်ဘဲ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းအမှုတွေ ဖြစ်လာတဲ့အခါကျလို့ရှိရင် ပံ့ပိုးဖို့လိုအပ်တယ်ဆိုတာ ပေါ်လွင်တယ်။ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ လူငယ်များရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ ကာကွယ်တားဆီးရမယ့်အရာတွေ ရှိသလို သားဆက်ခြားနည်းကိုလည်း လူငယ်များ သိဖို့လိုတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အရ မဖွံ့ဖြိုးသေးဘူး။ လူမှုရေး၊ စီးပွားရေးအရ ကိုယ်ဝန်ဆောင်ဖို့ အချိန်မတန်သေးတဲ့အချိန်မှာ ကိုယ်ဝန်မဆောင်ဘဲနဲ့ တားဆီးနိုင်ဖို့အတွက် လူငယ်တွေကို အသိပညာပေးဖို့ လိုအပ်ပါတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘယ်လူမှုအဖွဲ့အစည်းပဲလာလာ လူငယ်တွေဟာ ကိုယ်ဝန်ဆောင်ခြင်းအမှုဟာ ထိမ်းမြားမင်္ဂလာဆောင်ပြီးတော့မှ ပြုလုပ်တာဟာ ပိုပြီးတော့ သင့်တော်တယ်ဆိုတာ သိရှိဖို့၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မဆောင်ဖို့ အသိပညာပေးဖို့ လိုအပ်တယ်ဆိုတာ ဒီကိန်းဂဏန်းတွေက ဖော်ပြနေတဲ့အတွက်ကြောင့် မိဘများဟာ လူငယ်တွေကို အချိန်ပေးပြီးတော့ ဒီအရာတွေကို ပြောဖို့လိုတယ်။ ဆရာ၊ ဆရာမတွေကလည်း ကျောင်းတွေမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ တိတိကျကျ သင်ပေးဖို့လိုတယ်။ ရှက်နေဖို့ မလိုတော့ဘူး။ သို့မဟုတ်ရင် လူငယ်တွေက မတိကျ မမှန်ကန်တဲ့ သတင်းတွေ ရရှိပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ သားပျက်သားလျှောတာတွေ ဖြစ်လာတဲ့အခါကျလို့ရှိရင် အသက်အန္တရာယ်ပါ ရှိနိုင်တယ်ဆိုတာ ကျမက ပြောချင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024