အများသုံးရေအိမ်ထဲ စွန့်ပစ်ခဲ့သည့် မွေးကင်းစကလေးငယ်ကို ကယ်တင် (ရုပ်သံ)

တာဂျစ်ကစ္စတန်နိုင်ငံမှာ အများသုံးရေအိမ်ထဲ စွန့်ပစ်ခဲ့တဲ့ မွေးကင်းစကလေးငယ်တဦးကို လမ်းသွားလမ်းလာတဦးက ကယ်တင်ခဲ့ရတယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၃ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တာဂျစ်ကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၊ ခူဂျန့်မြို့မှာ ဖြစ်ခဲ့တာပါ။ မျက်မြင်တွေ့ရှိသူ အမျိုးသားဟာ သန့်စင်ခန်းတွင်း ၀င်ရောက်အသုံးပြုချိန်မှာ ကလေးငယ်ရဲ့ စူးစူးဝါးဝါးအော်ဟစ်သံ ကြားရတဲ့အတွက် အနီးနားရှိသူတွေကို အော်ဟစ် အကူအညီတောင်းပြီး ကယ်တင်ခဲ့ရတာပါ။ အဆိုပါကလေးငယ်ကို ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးထားခဲ့ပြီး ရေအိမ်မိလ္လာတွင်းထဲမှာ စွန့်ပစ်ခဲ့တာလို့ သတင်းက ဆိုပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဘေးမှ လမ်းသွားလမ်းလာတဦးက လက်ကိုင်ဖုန်းနဲ့ ရိုက်ယူထားခဲ့တာဖြစ်ပြီး အမျိုးသား ၂ ဦးဟာ မိလ္လာတွင်းထဲမှ ကလေးငယ်ကို ဆွဲထုတ်နိုင်ဖို့ သတ္တုချောင်းရှည်တွေကို အသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ကလေးငယ်ကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မွေးကင်းစကလေးငယ်ကို ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးပြီး စွန့်ပစ်တာဟာ ပထမအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့ မေလတုန်းကလည်း ကာဇက်စတန်နိုင်ငံမှာ ခုလိုစွန့်ပစ်မှု ဖြစ်ခဲ့လို့ အမျိုးသားတဦးက ကယ်တင်ခဲ့ရပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up