Homeမြန်မာသတင်း
ကော့စမွီမြန်မာအလုပ်သမား သေဆုံးမှုတွင် ဆေးရုံမှတ်တမ်းနှင့် လုပ်ဖော်ကိုင်ဘက်များ ပြောပြချက် ကွဲလွဲနေ
ကော့စမွီမြန်မာအလုပ်သမား သေဆုံးမှုတွင် ဆေးရုံမှတ်တမ်းနှင့် လုပ်ဖော်ကိုင်ဘက်များ ပြောပြချက် ကွဲလွဲနေ
နန်းမြနဒီ
·
October 3, 2016
ထိုင်းတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင် ကော့စမွီဆေးရုံကြီးမှာ စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာအလုပ်သမားတဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေ ပြောပြချက်နဲ့ လုပ်ဖော်ကိုင်ဘက် အလုပ်သမားတွေရဲ့ ပြောပြချက်တွေ ကွဲလွဲနေပါတယ်။
ထိုင်းနိုင်ငံထုတ် ခေါဝ်ဆွတ်သတင်းဌာနမှ ကော့စမွီ လက်ထောက်ဆေးရုံအုပ်ရဲ့ အပြောကို ကိုးကားပြီး မြန်မာအလုပ်သမားဟာ အုပ်စုလိုက် အဓမ္မကျင့်ခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့ သတင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ လူမှုကူညီရေးအဖွဲ့နဲ့ အလုပ်သမားတို့ ပြောပြချက် ကွဲလွဲမှုရှိနေတယ်လို့ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။
“စူရတ်ဌာနီမှာ သာရေးနာရေးအသင်းတွေ ရှိတယ်၊ အဲဒီအသင်းကို ကျနော်တို့က ဖုန်းဆက်မေးတယ်၊ ဘယ်လိုဖြစ်လဲဆိုတော့ လူနာက ဆေးရုံကို ဒုတိယအခေါက်တက်တာတဲ့၊ အူကျတာကို အရပ်လက်သည်နဲ့ နှိပ်တယ်ပေါ့၊ အဲလိုမျိုး တခုခုပေါ့၊ သေချာတာတခုက လိင်တူဆက်ဆံခံရပြီး သေတာမဟုတ်ဘူးပေါ့၊ အူကျတာကို မြန်မာနည်းနဲ့နှိပ်ပြီး ပြန်သွင်းတယ်ပေါ့၊ ဗိုင်းရပ်စ်ဝင်သွားတယ်ပေါ့၊ အဲဒါ ရောင်ကိုင်းပြီး သူတို့ ဆေးရုံပြန်သွားတယ်၊ ဆေးရုံကျတော့လည်း ပိုက်ဆံမပေးနိုင်ဘူးထင်ပြီးတော့ သူ့ကို အော်ပရေးရှင်း (ခွဲစိတ်မှု) စောစောလုပ်သင့်တာကို မလုပ်ဘဲနဲ့ ကြာသွားတယ်၊ အူပုပ်သွားတယ်၊ အဲဒါမျိုးတွေတော့ ပြောတယ်။"
အလုပ်သမားက အူကျပြီးသေဆုံးတာကို လိင်အဓမ္မပြုကျင့်ခံရပြီး သေဆုံးကြောင်း ဖော်ပြတာဟာ သိက္ခာကျစေတဲ့အတွက် အလုပ်ရှင်ဘက်က ခေါဝ်ဆွတ်သတင်းဌာနကို ပြန်ဖြေရှင်းပေးဖို့ တောင်းဆိုထားကြောင်း၊ ပြန်မရှင်းပေးရင် တရားစွဲမယ်လို့ ပြောဆိုနေကြောင်း သူကဆက်ပြောပါတယ်။
သတင်းကွဲလွဲချက်မှာ ဆေးရုံမှတ်တမ်းရဲ့ မှားယွင်းမှုလား၊ သတင်းဌာနရဲ့ မှားယွင်းမှုလား ဆိုတာတော့ မသိရကြောင်း၊ ဒါပေမယ့် ထိုင်းမူရင်းသတင်းနဲ့ ဒီဗွီဘီမှ ဘာသာပြန်ထားသလို သေဆုံးသူ အလုပ်သမားဟာ လိင်တူဆက်ဆံခံရတာ မဟုတ်ကြောင်း ဦးထူးချစ်က ပြောသွားပါတယ်။
ကာယကံရှင် အလုပ်သမားရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းမရသေးသလို ခေါဝ်ဆွတ်သတင်းမှာလည်း ဒီသေဆုံးမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်း၊ ဖြေရှင်းချက်တွေ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။