Live
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်၊ ရွာသား ရာနှင့်ချီ ထွက်ပြေး
နန်းမြနဒီ
·
October 3, 2016
အစိုးရနဲ့ အန်စီအေ (တပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်) လက်မှတ်ရေးထိုးထားတဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တုံလောဝ်းကျေးရွာအုပ်စု ပန်ပွဲကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးစွဲသူများ ပြုစုပျိုးထောင်ရေးစခန်းကို မြန်မာ့တပ်မတော်ဘက်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက် နေ့ခင်းပိုင်းက ၀င်ရောက်စီးနင်းတာကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့  အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “နမ့်လန်၊ ၀မ်လီနဲ့ မိုင်းကိုင်မှာ အခြေစိုက်တဲ့ မြန်မာ့တပ်မတော်က ကျနော်တို့ ပြည်သူတွေနဲ့ ပေါင်းပြီးဖွင့်ထားတဲ့ ဘိန်းဖြတ်စခန်း၊ ဘိန်းစွဲသူများ ပြုပြင်ပျိုးထောင်စခန်းကို အလုံးအရင်းနဲ့ လာဝိုင်းတယ်၊ ကျနော်တို့ဘက်ကလည်း ခုခံကာကွယ်ပြန်တိုက်ရတယ်၊ အဲဒီကစပြီး အောက်တိုဘာ ၁ ရက် ညပိုင်းမှာရော၊ အောက်တိုဘာ ၂ ရက်နေ့တွေမှာပါ တိုက်ပွဲတွေ ဖြစ်နေတယ်။ တုံလောဝ်းအုပ်စုတခွင် ပန်ပွဲ၊ နမ့်ကာ စတဲ့ ရွာတွေဘက်မှာ ဒီနေ့ တိုက်ပွဲအခြေအနေ မသိရသေးဘူး၊ ဒါပေမယ့် တဘက်နဲ့တဘက် စောင်ထားကြတုန်းပဲ။” တပ်မတော်က ဘိန်းဖျက်စခန်းကို ၀င်စီးစဉ် အဲဒီမှာ လက်နက်ကိုင်ဆောင်သူမရှိဘဲ ပြည်သူတွေသာ ရှိတဲ့အတွက် ဘိန်းဖြတ်စခန်းမှာရှိတဲ့ လူ ၅၀ ကျော်ကို ရှမ်းပြည်မြောက်ပိုင်း နမ့်လန်ဘက်ဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီနောက် ရှမ်းပြည်တပ်မတော်ဘက်က ရောက်လာပြီး ပစ်ခတ်ကြရာမှာ မနေ့ညနေအထိ မြန်မာ့တပ်မတော်ဘက်က ၃ ဦး ကျသွားကြောင်း သတင်းရပြီး ရှမ်းပြည်တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ သူတို့အဖွဲ့အစည်းဟာ အန်စီအေ လက်မှတ်ထိုးထားတာ ဖြစ်တဲ့အတွက် အကြောင်းမဲ့ ပစ်ခတ်ခြင်း မပြုလိုကြောင်း၊ ဒီကိစ္စမှာ တပ်မတော်က သူတို့ဘိန်းဖြတ်စခန်းကို တပ်သားသစ် စုဆောင်းတဲ့နေရာလို့ အထင်မှားပြီး ပစ်ခတ်တိုက်ခိုက်တာဖြစ်ကြောင်း၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စု အပစ်ရပ်စောင့်ကြည့်ရေး ပူးတွဲကော်မတီ ကိုရော ပြည်နယ်အဆင့် အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ၊ မြန်မာ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာနတို့ဆီ စာပေးပို့ခဲ့သလို တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုင်းဦးမှ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ လူကိုယ်တိုင် သွားရောက် အကြောင်းကြားခဲ့ကြောင်း၊ အပစ်ရပ်စောင့်ကြည့်ရေးကော်မတီဘက်က ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘဲ ရပခတိုင်းရုံးကတော့ အဲဒီပစ်ခတ်မှုကိစ္စ သူတို့မသိရဘဲ အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေက လုပ်သွားတာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ကြောင်း ဆိုပါတယ်။ တိုက်ပွဲကြောင့် အနီးအနား ပတ်ဝန်းကျင်နေပြည်သူ ၁၀၀၀ နီးပါး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့ ဗိုလ်မှူးကြီးစိုင်းလက ပြောသွားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေနဲ့ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်းကလည်း ပန်ပွဲကျေးရွာမှ ပြည်သူ ၅၀၀ ကျော်၊ ကုန်းသာရွာမှ ၄၀၀ ကျော် တုံလောဝ်းဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေပြီး သူတို့ပါတီမှ အခြေခံလိုအပ်ချက်တွေ သွားရောက်ကူညီထောက်ပံ့ပေးနေတယ်လို့ ပြောပါတယ်။ “ပစ်ခတ်သံတွေကြောင့် ထွက်ပြေးကြတယ်၊ မနေ့ညနေအထိ လူပေါင်း ၉၀၀ ကျော် တုံလောဝ်းဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ ခွဲနေကြတယ်။ အဘိုးကြီး အဘွားကြီးတွေ၊ ကလေးတွေ၊ မိခင်တွေ ကိုယ်ဝန်ဆောင်တွေပါ ပါပါတယ်ခင်ဗျ၊ ကျနော်တို့ပါတီက မိုင်းကိုင်ပြည်သူတွေဆီကနေ လက်လှမ်းမီသလောက် အလှူကောက်ခံပြီး သွားကူနေပါတယ်။” အခုချိန်ဟာ ထွန်ယက်စိုက်ပျိုးချိန်၊ ၀ါတွင်း အလှူအတန်းပြုလုပ်ချိန်၊ ကလေးတွေ ကျောင်းတက်နေတဲ့အချိန် ခုလို ထွက်ပြေးနေရတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ကြောင်း၊  ဘယ်တပ်ဘက်က အလွန်ဖြစ်တယ်ဆိုတာ မပြောလိုကြောင်း၊ ဒါပေမယ့် ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ပြည်သူတွေကို ငဲ့ညှာသင့်ကြောင်း စိုင်းဆိုင်မိုင်းက ပြောသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024