အဘူဆေးရပ်ဖ် အကြမ်းဖက်အဖွဲ့ ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အင်ဒိုနီးရှား ၃ ဦးကို ပြန်လွှတ်

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက အဘူဆေးရပ်ဖ် အကြမ်းဖက်အဖွဲ့ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးကို အောက်တိုဘာ ၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့ကို ၃ လကြာ ဖမ်းဆီးခဲ့ရာက ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး သီတင်း ၂ ပတ်အတွင်း အဘူဆေးရပ်ဖ် အကြမ်းဖက်အဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ ဓားစာခံ ၉ ဦးရှိပြီ ဖြစ်ပါတယ်။ သူတို့ ၃ ဦးကို နိုင်ငံတောင်ပိုင်းက ဆူလူမြို့မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ မွတ်စလင်သူပုန်အဖွဲ့တဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။ အကြမ်းဖက်အဖွဲ့ကို ပြန်ပေးငွေပေးပြီး ပြန်လွတ်လာတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဘူဆေးရပ်ဖ် စစ်သွေးကြွ အကြမ်းဖက်တပ်ဖွဲ့ဟာ နိုင်ငံခြားသားတွေကို ဓားစာခံဖမ်းဆီးပြီး ပြန်ပေးငွေတွေနဲ့ အဓိကရပ်တည်တဲ့ အကြမ်းဖက်တပ်ဖွဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဘူဆေးရပ်ဖ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားတဲ့ ကနေဒါနိုင်ငံသား ၂ ဦးကတော့ ကနေဒါအစိုးရက ပြန်ပေးငွေမပေးလို့ ခေါင်းဖြတ်အသတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း နော်ဝေးနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦးနဲ့ အင်ဒို ၃ ဦးတို့ ပြန်လွတ်လာကြပါတယ်။ အဘူဆေးရပ်ဖ် အကြမ်းဖက်အဖွဲ့ရဲ့ ဆက်လက်ဖမ်းဆီးခံထားရတဲ့ မလေးရှားနိုင်ငံသား ၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂ ဦးနဲ့ နယ်သာလန်နိုင်ငံသား ၁ ဦးတို့ ကျန်ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up