Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာ ၆ ဦးထံမှ စစ်လက်နက်အမြောက်အမြား ဖမ်းမိ
DVB
·
October 3, 2016
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၆ ဦးထံကနေ စစ်လက်နက်တွေ ဖမ်းဆီးရမိတယ်လို့ နယ်ခံ ထိုင်းရဲတပ်ဖွဲ့နဲ့ စစ်တပ်တာဝန်ရှိသူတွေ  သတင်းထောက်တွေကို ပြောပါတယ်။ နယ်မြေထဲမှာ တရားမ၀င် လက်နက်သိုလှောင်ထားကြောင်း ကြိုတင်သတင်းရထားချက်အရ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ ပြည်သူ့စစ်၊ မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ မဲဆောက်မြို့မရဲစခန်း၊ နယ်ခြားစောင့် အစရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းက မသကာင်္စရာနေရာတွေကို လိုက်လံစစ်ဆေးခဲ့ပါတယ်။ တာဝန်ရှိသူတွေဟာ ဖရထတ်ဖာမိုင်းအုပ်စု ဖာ့တေ့ရွာဘက်ကိုတဖွဲ့၊ ဖာလတ်ရွာ ဆီလာလတ်လမ်းဘက်ကို တဖွဲ့ ၂ ဖွဲ့ခွဲပြီး စစ်ဆေးရှာဖွေရာမှာ အဖွဲ့ ၁ ရွာမှာတော့ ဘာမှမတွေ့ရဘဲ အဖွဲ့ ၂ သွားရှာတဲ့ရွာမှာ လက်နက်တွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ ၂ သွားရှာတဲ့ရွာက လယ်ကွင်းထဲရှိ အိမ် ၃ လုံးကို စစ်ဆေးချိန်မှာ အိမ်ထဲကလူတွေ မျက်နှာပျက်နေတဲ့အတွက် တအိမ်လုံးနဲ့ အနီးနားတ၀ိုက် သေချာစစ်ခဲ့ကြောင်း၊ မသင်္ကာဘွယ် မြေသားကို တူးဖော်ကြည့်တဲ့အခါ မြေသြဇာအိတ်တွင်း ထည့်ထားတဲ့ လက်နက်တွေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေရာမှာ ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲမှာ အမ် ၆၇ လက်ပစ်ဗုံး ၁၄၁ လုံး၊ အမ် ၇၉ ကျည်ဆံ ၅၁ တောင့် ဖြစ်ပါတယ်။ ဆက်လက်ပြီး အနီးက နွားခြံထဲမှာ မြေကြီးထဲမြှုပ်ထားတဲ့ ၂၂ အမျိုးအစား သေနတ်ရှည်တလက်နဲ့ ကျည်ဆံအမြောက်အမြားကို ထပ်မံရရှိခဲ့ပါတယ်။ အဲဒီအိမ်ထဲမှာရှိတဲ့လူတချို့ ထွက်ပြေးကြလို့ တောထဲလိုက်ဖမ်းခဲ့ရပြီး ဒီအမှုနဲ့ပတ်သက်လို့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းမိခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်သက်သေ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။ အဆိုပါ စစ်လက်နက်ပစ္စည်းတွေဟာ ဒီကေဘီအေ လက်နက်ကိုင်အဖွဲ့ပိုင်ပစ္စည်းတွေလို့ ယူဆရကြောင်း၊ ဒီကေဘီအေဟာ လက်ရှိ မြန်မာအစိုးရတပ်နဲ့ ထိုင်းဘက်ခြမ်း ထာ့ဆောင်ယန်းမြို့နယ် တဘက်ကမ်းမှာ တိုက်ပွဲတွေဖြစ်နေတာလို့ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်မှ တပ်မမှူးက သတင်းထောက်တွေကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024